တရားခွင်အတွင်း အရေးမယူမှုများကို စာရင်းအတိအကျ ပြုစုပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော

တရားခွင်အတွင်း အရေးမယူမှုများကို စာရင်းအတိအကျ ပြုစုပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ဟာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာဖို့ အမတ်ေ်တွကို မကြာခန သတိပေးလေ့ ရှိပါတယ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ ဇူလိုင် ၁၀ ။            ။ တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေရန် တရားခွင်အတွင်း ဂျာနယ်၊သတင်းစာဖတ်ခြင်း၊ အပြင်ထွက်ဖုန်းပြောခြင်း၊ဘက်လိုက်ခြင်း ၊ ရဲအရေးမပိုင်မှုဟု အကြောင်းပြကာ အရေးမယူမှုများကို သေချာစာရင်းပြုစုပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်က လွှတ်တော်စည်းဝေးတွင်း ပြောဆိုလိုက်သည်။

ယနေ့ ဇူလိုင်လ ၁၀ရက်၊ နေ့လည်ပိုင်းက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းဝေးတွင်း ပြည်သူ့လွှတ်တော် ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားခဲ့ရာတွင် အဆိုပါ အချက်များပါနေသောကြောင့် စာရင်းသေချာ ပြန်လည်ပြုစုပေးရန် ပြောခဲ့ခြင်းဖြစ်သည်။

“ကော်မတီရဲ့ အစီရင်ခံစာမှာတွေ့ရှိချက်တွေမှာ အမှုသည်တွေအပေါ်မှာ မောက်မာနေတာတွေ့တယ်၊ အဲ့ဒီဟာကဘယ်တရားရုံးတွေလဲ ဘယ်တရားသူကြီးလဲစာရင်းပြုစုပေးပါ။ အတိအကျပြုစုပေးပါ။   နောက်တရားစီရင်တဲ့ အခါမှာ တရားစီရင်နေဆဲမှာ ဂျာနယ်ဖတ်တယ် ၊ သတင်းစာဖတ်တယ်၊ တရားခွင်အပြင် ထွက်ဖုန်းပြောတယ် ဘယ်တရားခွင်လဲ ဘယ်တရားရုံးလဲ။ ဘယ်မြို့နယ်လဲ။ သေချာစာရင်းပြုစုပေးပါ။  နောက်တစ်ခုက ဘက်လိုက်ပြီးတော့ မကြာခဏရုံးချိန်းတယ်။ နောက်တစ်ခါ ဝရမ်းနဲ့ သမ္မာန်စာ အတည်ပြုတဲ့ ကိစ္စမှာလည်း လိုရင်လိုသလို မလိုရင်မလိုသလို အချိန်များစွာလုပ်တယ် အတိ အကျဘယ်တရားရုံးလဲ ။ ဘယ်တရားသူကြီးလဲ သေချာ လုပ်ပေးပါ” ဟု ဦးဝင်းမြင့် က လွှတ်တော်စည်းဝေးတွင် ပြောသည်။

ပြည်သူ့လွှတ်တော် ၊ တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကော်မတီ ၏ နှစ်ပတ်လည်အစီရင်ခံစာ တွေ့ရှိ ချက်များကို ဖတ်ကြားရာတွင် ဥပဒေရေးရာ ၊ အုပ်ချုပ်ရေးရာ အဖွဲ့အစည်းအဆင့်ဆင့်၏ ဆောင်ရွက်မှု များမှာ နှေးကွေးသော်လည်း ပြောင်းလဲမှုများကို တွေ့မြင်ရပြီး တရားစီရင်ရေးကဏ္ဍတွင် အချို့ အဖွဲ့အစည်းများမှာ ယခက်ထက် ပူးပေါင်းဆောင်ရွက်မှုရှိသော်လည်း အများစုမှာ ပြောင်းလဲမှု မရှိသည်ကို တွေ့ရကြောင်း ဖတ်ကြားခဲ့သည်။

ရဲအရေးမပိုင်သော အမှုများနှင့် ပတ်သတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားလွှာ ၁၇/၆၄ ဖြင့် ညွှန်ကြားထားပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ပြောင်းလဲလာပြီဖြစ်သော်လည်း အချို့ရဲစခန်းများတွင် အမှုတစ်ခုကို သွားရောက်တိုင်ကြားလျှင် ရဲအရေးမပိုင်သည့် အမှုဖြစ်သည်ဟု အကြောင်းပြကာ အရေးယူပေးခြင်း မပြုမှုများရှိသည်ဟု ဆက်လက်ပြီးဖတ်ကြားခဲ့သည်။

အဆိုပါ ဖတ်ကြားမှုများ အပေါ်တွင် လည်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က “ရဲအရေးမပိုင်တဲ့ အမှုဆိုပြီးတော့ အကြောင်းပြပြီးတော့ အရေးယူမပေးဘူး အဲ့ဒီ စာရင်းကိုလည်း ကော်မတီရဲ့ အစီရင်ခံစာ မှာ တိုင်ကြားစာများရှိတယ်။ အမှုသည်တွေ နဲ့တွေ့ထားတယ်ဆိုတော့ အဲ့ဒါ တွေလည်း ပြုစုပေးပါ” ဟု ပြောသည်။

နောက်ပြီး တွေ့ရှိချက်တွင် ပါရှိသည့် တရားသူကြီးသည် အမှုသည်များကို မောက်မောက်မာမာ ဆက်ဆံ ပြီး၊ သက်သေတွေ၊ တရားလိုတွေ ၊ တရားခံ ၊ တရားပြိုင်တွေရဲ့ ထွက်ချက်များကို အလေးမမူ ပဲ မိမိ အနိုင်ပေးလိုသော အမှုသည်ဘက်ကို အသာပေးသည်မှာ ဘယ်အမှုများလဲ၊ဘယ်မြို့နယ်များလဲ စတာတွေကို ဦးဝင်းမြင့်ထံ တိတိကျကျပြုစုပြီးတင်ပေး မှ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်စေရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ပို့၍ရမည်ဟု ပြောသည် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကပြောသည်။

အထက်ပါ အချက်များကို ယခုလ ၂၁နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ထံသို့ ပေးပို့ပေးရမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် ၊ တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကော်မတီကို ၁၉.၅.၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၈.၅.၂၀၁၇ ခုနှစ်အထိ တစ်နှစ်တာကာလတွင်း ကော်မတီသို့ တိုင်ကြားစာ စုစုပေါင်း ၁၁၃၂ စောင်ရောက်ရှိခဲ့သည်ဟု အဆိုပါ တစ်နှစ်စာ မှတ်တမ်း ဖတ်ကြားရာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly