မြန်မာနိုင်ငံရေဘေးအတွက် ဗြိတိန်အကူအညီပေး

မြန်မာနိုင်ငံရေဘေးအတွက် ဗြိတိန်အကူအညီပေး

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ ရေဘေးဒုက္ခအတွက် အကူအညီအထောက်အပံ့များနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးသွားမည်ဟု ဗြိတိန် နိုင်ငံတကာဖွ့ံ့ဖြိုးရေးဝန်ကြီး Baroness Verma က သြဂုတ် ၅ရက်က ကြေငြာလိုက်သည်။ 

နိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID က ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပေါင် ၅၀၀,၀၀၀ မတည်သွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု နှင့် ခိုလှုံနေထိုင်ရေး၊ ရောဂါကာကွယ်ရေးပစ္စည်များ နှင့် ရေသန့်ဆေးဝါးများအတွက် ယင်းငွေကို မတည်ခြင်းဖြစ်သည်။ 

"အကူအညီတွေ အမြန်ဆုံးရောက်စေမှာပါ။ နောက်ဆုံးမတည်ကူညီငွေက နိုင်ငံအနှံ့ အကူအညီများပေးသွားနိုင်ရေးနဲ့ ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွေအတွက်ဖြစ်ပါတယ်။ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ခုလိုဒုက္ခကြုံနေရချိန်မှာ ဗြိတိန်အစိုးရက ကူညီပေးရေးအတွက် အမြဲအသင့်ရှိနေပါတယ်။”ဟု Baroness Verma ကပြောခဲ့သည်။

DFID က မြန်မာနိုင်ငံတွင် ပြည်သူ ၄၈,၀၀၀ ကျော်အတွက် အားပြည့်ဘီစကစ်များနှင့် ပြည်သူ ၂၀,၀၀၀ ကျော်အတွက် ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ရေသန့်ပစ္စည်းများကို ထောက်ပံ့ပေးပြီး ဖြစ်သည်ဟု ဆိုသည်။

ရေဘေးကြောင့် စစ်ကိုင်း၊ ချင်း၊ မကွေး၊ ရခိုင်၊ ကချင်၊ ဧရာဝတီတိုင်း အပါအဝင် နိုင်ငံအနှံ့တွင် အိမ်ထောင်စုပေါင်း နှစ်သိန်းကျော် ဒုက္ခရောက်နေရသည်။ ရေကြီးမှုအတွင်း သေဆုံးသူ ၄၀နီးပါးရှိသည်ဟုလည်း အစိုးရက ထုတ်ပြန်ထားသည်။ 

ဗြိတိန်သည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေးဆိုင် အကူအညီများ ၂၀၁၂ ခုနှစ်စတင်ကာ ပေါင်း သန်း ၄၃ ဒသမ ၃ သန်း ပေးအပ်ကူညီခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly