မစ္စယန်ဟီလီနှင့် လူမှုရေးအဖွဲ့များ ၆၆(ဃ) နှင့်ပတ်သက်ပြီးဆွေးနွေး

မစ္စယန်ဟီလီနှင့် လူမှုရေးအဖွဲ့များ ၆၆(ဃ) နှင့်ပတ်သက်ပြီးဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၁၀ ။             ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ တွေ့ဆုံပြီး ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ပြင်ဆင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

" ပြီးခဲ့တဲ့ စနေနေ့က အစိုးရသတင်းစာတွေမှာ ဒီ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဆိုပြီး ထုတ်ပြန်ထားတာရှိပါတယ်။ အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်လို့ရော ကျွန်မတို့ ယန်ဟီးလီတို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဒီ ဆက်သွယ်ရေးပဒေမှာပါတဲ့ ၆၆(ဃ) ဟာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် တခြားလူ့အခွင့်အရေးတွေပေါ်မှာပါ ထိခိုက်နေတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ် " ဟု ဆွေးနွေးမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ၆၆ (ဃ) ဖျက်သိမ်းရေး အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ မှ မဝေဖြိုးမြင့်က ပြောဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ အနေဖြင့် အဆိုပါအချက်များကို ၎င်းရေးသားမည့် လူ့အခွင့်အရေးအစီရင်ခံစာထဲတွင် ထည့်သွင်းသွားမည်ဟု ပြောဆိုခဲ့ကြောင်း တွေ့ဆုံရာတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် မောင်ဆောင်းခက ပြောသည်။

ယနေ့ ဇူလှိုင် ၁၀ ရက်တွင် ကုလသမဂ္ဂ ဖွံဖြိုးမှုအစီအစဉ်ရုံး(မြန်မာ) တွင် ၁နာရီကျော်ကြာ လူ့အခွင့်အရေးလှုပ်ရှားသူ ၇ ယောက်နှင့်တွေ့ဆုံနေစဉ် မစ္စယန်ဟီလီက ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

ထို့အပြင်မြန်မာနိုင်ငံ အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံသည့်အခါတွင်လည်း ထည့်သွင်းပြောဆိုသွားမည်ဟု မစ္စယန်ဟီလီကပြောကြား ကြောင်းသိရသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကိုဖျက်သိမ်းစေချင်သော်လည်း ပြင်ဆင်မည်ဆိုပါက ပြည်သူလူထုအသံကို နားထောင်ပြီး ပြင်ဆင်စေချင်ကြောင်း ၆၆(ဃ) ဖျက်သိမ်းရေး လှုပ်ရှားဆောင်ရွက်နေသူ မောင်ဆောင်းခက ဆက်လက်ပြောဆိုသည်။

" ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းပေါ်မှာ ကျွန်တော်တို့တွေရဲ့စိုးရိမ်မှုတွေ ဖြစ်စေချင်တာက ဒီဥပဒေကြမ်းကို အချိန်ယူပြီးမှအတည်ပြုဖို့ပါ။ မြန်မြန်ထွက်ပြီး မြန်မြန်အတည်ပြုလိုက်မှာကို စိုးရိမ်တဲ့အကြောင်းလဲ သေချာပြောခဲ့ပါတယ် " ဟု ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး တတ်ကြွလှုပ်ရှားနေသည့် ကိုဆောင်းခ ကပြောဆိုသည်။

၆၆(ဃ) ကိုပြင်ဆင်ရန် နိုင်ငံတော်သမ္မက လက်မှတ်ရေးထိုးထားသည့် ပြင်သည့်သည့် ဥပဒေကြမ်းကို အစိုးရဘက်က ထုတ်ပြန်ခဲ့သော်လည်း အရပ်ဖက်လူမှု ရေးအဖွဲ့များအကြား စိုးရိမ်မှုများရှိနေခြင်းဖြစ်သည်။

မစ္စယန်ဟီလီသည် ယမန်နေ့က (ဇူလိုင် ၉ရက်) ညပိုင်းကမြန်မာနိုင်ငံသို့ရောက်ရှိလာပြီး မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတချို့သို့ သွားရောက်ခဲ့သေးသည်။ ထို့နောက် ယနေ့ နေ့လည်ပိုင်းတွင် ကုလဖွံဖြိုးမှုအစီအစဉ်ရုံး(မြန်မာ) ၌ ၁နာရီကျော်ကြာ လူ့အခွင့်အရေးလှုပ်ရှားသူ ၇ ယောက်နှင့် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

မစ္စယန်ဟီလီသည် ၂၀၁၇ ဇန်နဝါရီ ဒုတိယအပတ်က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရမှုများအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီက ပြောကြားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required