ပြည်မြို့ဥပဒေစိုးမိုးရေးအတွက် ပြည်သူများ၏ အကြံပြုချက်ကို လွှတ်တော်အသီးသီးသို့ တင်ပြမည်

ပြည်မြို့ဥပဒေစိုးမိုးရေးအတွက် ပြည်သူများ၏ အကြံပြုချက်ကို လွှတ်တော်အသီးသီးသို့ တင်ပြမည်

ပြည်၊ ဇူလိုင် ၉ ။             ။ ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့တွင် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် ဇူလိုင်လ ၉ ရက်က လွှတ်တော် အမတ်များနှင့် ပြည်သူများတွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲမှ ပြည်သူများ၏ တင်ပြအကြံပြုသုံးသပ်ချက်များကို ကြေညာချက်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော် အသီးသီးသို့ တင်ပြမည်ဟု ပွဲစီစဉ်သူများထံမှ သိရသည်။

“အခု ကြေညာချက် ထုတ်ပြီးသွားပြီ။ မနက်ဖြန် ပို့မယ် ”ဟု ဆွေးနွေးပွဲစီစဉ်သူ မိုးမေတ္တာ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ကိုညီညီအောင်က ဆိုသည်။

ထိုနေ့ နံနက် ၁၂ နာရီ အချိန်က ပြည်မြို့ ရွာဘဲရပ်ကွက် အလိုတော်ပြည့်ဘုရားအနီး ခေတ္တရာစက်မှုဇုန် ရှင်းလင်းဆောင်ခန်းမတွင် တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ လွှတ်တော်အမတ်များ နှင့် ဒေသခံပြည်သူ ၁၀၀ခန့်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်သူများ၏ သဘောဆန္ဒများကို မှတ်တမ်းပြုစုခဲ့ပြီး  ပဲခူးတိုင်းဝန်ကြီးချုပ် ၊ ပဲခူးတိုင်းအစိုးရအဖွဲ့နှင့် ပဲခူးတိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးနှင့် လွှတ်တော်အသီးသီးသို့ ပေးပို့သွားမည်ဟုလည်းသိရသည်။

ပြည်မြို့တွင် ဇွန်လ နှင့် ဇူလိုင်လ အတွင်း ပြစ်မှုမှုခင်းကြီးများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရာ မှုခင်းကျဆင်းရေး အတွက် ပဲခူးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ပြည်မြို့၌ အနီးကပ်ကြီးကြပ် ကွပ်ကဲလျှက်ရှိပြီး တုတ်၊ ဓား၊ လက်နက်များ မကိုင်ဆောင်ရန် ကြေညာချက်ထုတ်ပြန်ခြင်း ညစဉ် ရဲတပ်ဖွဲ့ အင်အား တစ်ရာကျော်ဖြင့် ညစဉ်လှည့်ကင်းပတ်ကင်းများပြုလျှက်ရှိသည်။

“ကျွန်တော်တို့အစိုးရ အဖွဲ့ ကြီးက တရားဥပဒေစိုးမိုးရေး ၊အေးချမ်းတည်ငြိမ်ရေး ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူနဲ့အတူ သွားချင်ပါတယ်။ အခုဒီမှာလည်း တရားဥပဒေစိုးမိုးရေး ကဏ္ဍ အတွက် ပြည်သူတွေက ရပ်ကွက်လိုက် ရပ်ကွက်လိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။ အများကြီးဝမ်းသာပါတယ်”ဟု ဆွေးနွေးပွဲတက်ရောက်သူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

လက်ရှိဖြစ်နေသော မှုခင်းကြီးများနှင့်ပတ်သက်ပြီး လူငယ်များအုပ်စုဖွဲ့ရန်ဖြစ်ခြင်း ၊ အရက်ဆိုင်များ ပေါများလာပြီး စည်းကမ်းလိုက်နာမှုအားနည်းခြင်း ၊လောင်းကစားလုပ်ငန်းများ ၊  မူးယစ်ဆေးဝါး နှင့် ကလေးများကော်ရှုခြင်း ပြသနာ ၊ လူဆိုးလူမိုက်ဂိုဏ်းများ ၊စားသောက်ဆိုင်နှင့် မသမာသော စီးပွားရေး လုပ်ငန်းများမှ လူမိုက်မွေးမှုပြသနာ များကြောင့်ဖြစ်ရသည်ဟု ဆွေးနွေးပွဲတက်ရောက်သူများက သုံးသပ်ခဲ့သည်။

“ရဲဌာနနဲ့ တရားရုံးတကယ် အလုပ်လုပ်ဖို့ ဆရာတို့က အစိုးရအဖွဲ့ကို အစည်းအဝေးလုပ်တဲ့အချိန် တွေ့တဲ့အချိန်တင်ပြပေးပါ။ ထိထိရောက်ရောက် အပြန်ပြန်အလှန်လှန် အရေးယူဖို့ပေါ့ဗျာ ။ ပြည်သူလဲအရေးယူရင်ရဲလဲအရေးယူပေါ့ဗျာ။ တရားသူကြီးလဲအရေးယူပေါ့ဗျာ”ဟု ဆွေးနွေးပွဲတက်ရောက်သူ ကိုဝင်းလှိုင်က ဆိုသည်။

မူးယစ်ဆေးဝါးကိစ္စများထိရောက်စွာဖော်ထုတ်ရန် ၊ လူမိုက် အဖွဲ့များကို ဖော်ထုတ်အရေးယူရန် ၊ ယစ်မျိုးဥပဒေကို တိတိကျကျကိုင်တွယ်ဖြေရှင်းရန် ၊ အလုပ်မလုပ်သော ဌာနများကို ထိရောက်စွာအရေးယူရန် ၊ ရဲဌာန နှင့် တရားစီရင်ရေးဌါနများကို တွန်းအားပေးရန် ၊ တရားစီရင်ရေးမာန်တိုင် ထိရောက်စေဖို့ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့ရန် ၊ ရဲတပ်ဖွဲ့ကို လိုအပ်သော လက်နက် ကရိယာများ တပ်ဆင်ပေးရန် လိုအပ်သည်ဟုလည်း အကြံပြုခဲ့သည်။

တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ ပါဝင်လုပ်ဆောင်သင့်ပြီး တည်ဆဲဥပဒေအရ ဒေသန္တရ အမိန့်များ ညွှန်ကြားချက်များ ဖြင့် ပြည်သူနှင့်ရဲအင်အား ပူးပေါင်းပါဝင်သော ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့များ ဖွဲ့သွားရန်လည်း အခမ်းအနားတက်ရောက်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required