“ကျွန်​” ရုပ်​ရှင်​ဇာတ်​ကားနှင့် ပတ်သက်၍ ဒါရိုက်​တာနှင်​့ တာဝန်​ရှိသူများက ပုဂံ​ဒေသခံများအား ​တောင်​းပန်​

“ကျွန်​” ရုပ်​ရှင်​ဇာတ်​ကားနှင့် ပတ်သက်၍ ဒါရိုက်​တာနှင်​့ တာဝန်​ရှိသူများက ပုဂံ​ဒေသခံများအား ​တောင်​းပန်​

ပုဂံ၊ ဇူလိုင် ၉ ။            ။ ပုဂံနောက်ခံဇာတ်လမ်းဖြစ်သော “ကျွန်” ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ဒါရိုက်တာနှင့်တာဝန်ရှိသူများက ပုဂံဒေသနှင့်ဒေသခံများ ဂုဏ်သိက္ခာကျဆင်းရမှုအပေါ် ဇူလိုင်လ ၉ ရက်နေ့က တောင်းပန်ခဲ့သည်။

ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် တောင်းပန်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်” ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူများဖြစ်သည့် ထုတ်လုပ်သည့် ရုပ်ရှင်ကုမ္ပဏီ၊ ရိုက်ကူးသူ ဒါရိုက်တာနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းတို့ လာရောက်၍  ပုဂံဒေသခံများအား တောင်းပန်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ အနုပညာသမားဆိုတာ ဖန်တီးသူတွေပါ။ အဲ့ဒီ ဖန်တီးသူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ပရိသတ်ဆိုတာ ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေပါ။အဲ့ဒါကြောင့် ပရိသတ်အနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရရင် တောင်းပန်ပါတယ်"ဟု အဆိုပါရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို အနုပညာသက်သက်ဖြင့်သာ တင်ပြခဲ့ခြင်းဖြစ်ပြီး မည်သည်ကိုမှ မရည်ရွယ်ခဲ့ကြောင်း ဒါရိုက်တာလုပ်သူက ဆိုသည်။

“ကျွန်”ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ ဒေသခံများမှာ သက်ဆိုင်ရာ သို့ လက်မှတ်ရေးထိုး တိုင်ကြားထားခဲ့သည်ဟုသိရသည်။

"အခုလို ကြားထဲက ညှိနှိုင်းပေးကြရင်းနဲ့ တောင်းပန်ပွဲလေး ဖြစ်သွားတဲ့ ကျေနပ်မိပါတယ်" ဦးဆောင်တိုင်ကြားခဲ့သည့် ဒေသခံ ဦးစန်းညွန့်က ဆိုသည်။

ယင်းကျွန်ရုပ်ရှင်ဇာတ်ကားမှ ဒေသအတွက်နစ်နာစေသည့် ဇာတ်ဝင်ခန်းအချို့ကိုလည်း ပယ်ဖျက်ရန် အတွက် ဒေသခံများက တောင်းဆိုခဲ့ကြသည်။

“ကျွန်”ရုပ်ရှင်ဇာတ်ကားတွင် စိုးမြတ်သူဇာ၊ မြင့်မြတ်၊ နေတိုး၊ ဝတ်မှုန်ရွှေရည်၊ ရဲအောင်၊ ထူးမွန်တို့ အဓိက ခေါင်းဆောင် ပါဝင်ထားပြီး အနာကြီးရောဂါသည် ပုဂံဘုရားကျွန်အကြောင်း ပုံဖော်မှုကို ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းရုပ်ရှင်ကို အောင်တိုင်းကျော် ထုတ်လုပ်ရေးမှ ထုတ်လုပ်ခြင်း ဖြစ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ရိုက်ကူးထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required