ဇူလိုင် ၉၊ အမေရိကန် ။ ။ မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိပြီးဖြစ်သည့် အဲဗာတန်နှင့်ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် လော့စ်အိန်ဂျယ်လိစ်တွင် ဆူညံမှုပြုလုပ်ခဲ့သောကြောင့် လာမည့် အောက်တိုဘာလ ၂ ရက်နေ့တွင် တရားရင်ဆိုင်ရမည် ဖြစ်သည်။
လူကာကူသည် ၎င်းတည်းခိုရာနေရာတွင် ဆူညံမှုပြုလုပ်ခဲ့သည်ကို ထိုနေရာအနီးမှ တိုင်ကြားမှုငါးခုအထိရှိခဲ့သည့်အတွက် ဒေသဆိုင်ရာရဲအရာရှိက သတိပေးမှု ပြုလုပ်ခဲ့ရသည်။ လူကာကူကို ဖမ်းဆီးအရေးယူခြင်း မရှိခဲ့သော်လည်း အောက်တိုဘာလ ၂ ရက်နေ့တွင် ထိုပြစ်မှုကို တရားရင်ဆိုင်ရန် အသိပေးခြင်း ခံခဲ့ရသည်။
လူကာကူသည် အမေရိကန်တွင် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနှင့်အတူရှိနေပြီး နွေရာသီအားလပ်ရက် အနားယူလျက်ရှိနေသည်။
လူကာကူသည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့် ပြောင်းရန် သဘောတူညီခဲ့ပြီးသူဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ဆေးစစ်မှုများပြုလုပ်မည်ဟု သတင်းများက ဖော်ပြထားသည်။
လူကာကူ တရားရင်ဆိုင်ရမည့် အောက်တိုဘာလ ၂ ရက်နေ့မတိုင်ခင် မန်ယူအသင်းသည် စက်တင်ဘာ ၃၀ ရက်နေ့၌ ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကစားရမည် ဖြစ်သည်။ ထို့နောက် ကလပ်အသင်းပွဲစဉ်များနားပြီး အောက်တိုဘာ ၇ ရက်နှင့် ၁၀ ရက်နေ့များတွင် နိုင်ငံတကာပွဲများကစားမည် ဖြစ်သည်။ ထိုရက်များတွင် ဘယ်လ်ဂျီယံအသင်းမှာ ဘော့စနီးယားအသင်း၊ ဆိုက်ပရပ်စ်အသင်းတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကစားရမည် ဖြစ်သည်။