တေးရေး/တေးဆို အရိုး၏ ကိုယ်ပိုင်ဖန်တီးမှုများကို ခွင့်ပြုချက်မရှိ ယူမသုံးရန် ကြေညာ

တေးရေး/တေးဆို အရိုး၏ ကိုယ်ပိုင်ဖန်တီးမှုများကို ခွင့်ပြုချက်မရှိ ယူမသုံးရန် ကြေညာ

ရန်ကုန် ၊ ဇူလိုင် ၇ ။                 ။ တေးရေး၊ တေးဆို၊ စာရေးဆရာအရိုးမှ ၎င်း၏ ကိုယ်ပိုင်အနုပညာ ဖန်တီးမှုများနှင့် ပတ်သက်ပြီး အသုံးပြုမည်ဆိုပါက တိုက်ရိုက်ဆက်သွယ်ရန်နှင့် ခွင့်ပြုချက် မရှိပဲ အသုံးမပြုရန် ဇူလိုင် ၇ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာလိုက်သည်။

"တေးရေး၊ တေးဆို၊ စာရေးဆရာ အရိုး၏ ကိုယ်ပိုင်ဖန်တီးထားသော အနုပညာဖန်တီးမှု အားလုံးကို ကယယကံရှင်ကိုယ်တိုင် တိုက်ရိုက်သိရှိခွင့်ပြုခြင်းမရှိဘဲ မည်သည့် အဖွဲ့အစည်း၊ မည်သည့်အစည်းအရုံး၊ မည်သည့်ကုမ္ပဏီ၊ မည်သည့် Media၊ မည်သူတစ်ဦးတစ်ယောက်ကမျှ ယူငင်သုံးစွဲခြင်း၊ ဆင်တူရိုးမှား ပြုလုပ်သုံးစွဲခြင်း၊ တစ်ပိုင်းတစ်စ ဖြတ်တောက်သုံးစွဲခြင်းတို့ကို မပြုလုပ်ရန် တားမြစ်လိုက်ပါသည်။ အကယ်၍ သုံးစွဲလိုပါက ကာယကံရှင် တေးရေး၊ တေးဆို၊ စာရေးဆရာ အရိုးနှင့် တိုက်ရိုက် ဆက်သွယ်ကြပါရန် ကြေညာအပ်ပါသည်” ဆိုပြီး နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည်။

မြန်မာနိုင်ငံ အမျိုးသမီးရေးရာမှ ကြီးမှူးပြီး ၂၀၁၇ခုနှစ် ဇွန် ၂၉ရက် နှင့် ၃၀ရက်တို့တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲတွင် အဆိုတော် စိန်ဝင်းထွန်းမှ တေးရေး၊ တေးဆို၊ စာရေးဆရာ အရိုး၏ ဥ တေးသီချင်းကို အသိပေးအကြောင်းကြားခြင်း မရှိဘဲ သီဆိုခဲ့သည့် အတွက် ၎င်းတို့အကြား အထင်လွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုတော် စိန်ဝင်းထွန်းမှ ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် "အမျိုးသမီးရေးရာလုပ်တဲ့ Show ကို ကျနော် ဝင်ရောက်ကူညီပြီးဆိုပေးတာ စိတ်မကောင်းစရာ ပြဿနာတော့ ကြုံလာပြီ" ဟု ရေးသားထားသည်။ 

ယင်းအပြင် အဆိုတော်စိန်ဝင်းထွန်းက "ကျနော်တ့ို အနုပညာသမားအချင်းချင်း စိတ်ဝမ်းမကွဲအောင် ဘယ်လိုပဲဖြစ်ဖြစ် ထိုအဖွဲ့အစည်းမှ ပွဲစီစဉ်သူနဲ့ တာဝန်ရှိသူများအနေနဲ့ ၂ဘက်လုံးအတွက်   ကျေနပ်အောင် ညှိနှိုင်းပေးစေလိုပါတယ်။ ဒါကျနော် ရိုးရိုးသားသား တင်ပြတာပါ ကျနော်လည်း တေးရေး/တေးဆို တစ်ယောက်ပါ။ ကိုယ့်သီချင်းကို တခြားတစ်ဦးက ဒီလိုလုပ်ရင် ကိုယ်ဘယ်လောက်ခံပြင်းလဲဆိုတာ ကျနော်သဘောပေါက်ပါတယ်။ အခု တစ်ဘက်တေးရေးမှ အမြင်မှားပြီး public ပေါ်ချပြခဲ့တာကြောင့် ကျနော့ဂီတသက်တမ်း နှစ်၅၀ တစ်လျောက်မှာ ပရိသတ်အထင်လွဲခံရတာ ဒါပထမဆုံးပဲ။ ဒါကြောင့် တစ်ဘက်နဲ့ တစ်ဘက် ကျေနပ်အောင်တော့ တာဝန်ရှိသူတွေဖက်က ဖြေရှင်ပေးစေလိုပါတယ်” ဟု ဇွန်လ ၃၀ရက်က ရေးသားခဲ့သည်။

တေးရေး/တေးဆို/စာရေးဆရာ အရိုးကလည်း အဆိုတော်စိန်ဝင်းထွန်း၏ ဖြေရှင်းပေးမှုအတွက် ကျေးဇူးတင်ကြောင်း နှင့် ပွဲကြီးတစ်ခု စီစဉ်ပါက ကိစ္စသေးသေးကြီးကြီးကအစ ထောင့်စေ့အောင် စီစဉ်ရန် ပွဲစီစဉ်သူများတွင် တာဝန်ရှိကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ 

"ဒါပေမယ့် ဒီလောက်လွယ်ကူတဲ့ ခေတ်ကြီးမှာ ကျွန်တော့်ဆီကို information မရောက်နိုင်တာကို အံ့အားသင့်မိတာ အမှန်ပါ။ ကျွန်တော့်ဖုန်းနံပါတ် နေရပ်လိပ်စာ အပြည့်အစုံ ဂီတအစည်းအရုံးမှာ ရှိပါတယ်။ အခုက တာဝန်ရှိသူက တာဝန်မယူကြတော့ ကြားကလူတွေက နှစ်ဦးနှစ်ဖက် အကျိုးမရှိ နစ်နာကြ အချိန်ကုန် စိတ်ရှုပ်ကြရ ပြသနာတက်တာပဲ အဖက်တင်တယ်။" ဟုလည်း ရေးသားထားသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly