ဒေါ်လာ ၆၀၀၀ လှူဒါန်းခဲ့ပြီးနောက်တွင် ဂျက်စတင်ဘီဘာအား အမှုဖွင့်ထားမှုကို ဘရာဇီးတရားရုံးရုတ်သိမ်း

ဒေါ်လာ ၆၀၀၀ လှူဒါန်းခဲ့ပြီးနောက်တွင် ဂျက်စတင်ဘီဘာအား အမှုဖွင့်ထားမှုကို ဘရာဇီးတရားရုံးရုတ်သိမ်း

လွန်ခဲ့သော ၂၀၁၃ခုနှစ်က ဘရာဇီးမှ ဟိုတယ်တစ်ခု၏နံရံပေါ်သို့ မှုတ်ဆေးများဖြင့် ရုပ်ပုံရေးဆွဲကာလက်ဆော့ ခဲ့သည့်အတွက် အမှုဖွင့်ခံထားရသော ဂျက်စတင်ဘီဘာသည် ရီယိုဒီဂျနေးရိုးမြို့ရှိ ကင်ဆာဆေးရုံသို့ ဒေါ်လာ ၆၀၀၀ခန့် လှူဒါန်းခဲ့အပြီးတွင် ဘရာဇီးတရားသူကြီးက သူ့အားအမှုဖွင့်ထားမှုကို ရုတ်သိမ်းပေးခဲ့သည်။

လွန်ခဲ့သော ၄နှစ်ခန့်က ဘရာဇီးသို့အလည်အပတ် လာရောက်စဉ်တွင် ဂျက်စတင်ဘီဘာသည် စွန့်ပစ်ထားသော ဟိုတယ်နေစီယွန်နယ်၏ နံရံများပေါ်တွင် မှုတ်ဆေးများကို အသုံးပြုကာ ရုပ်ပုံများရေးဆွဲခဲ့သည်။

သူတည်းခိုခဲ့သည့် အနီးအနားရှိ အားကစားကွင်းတစ်ခု၌ ထိုကဲ့သို့မှုတ်ဆေးဖြင့် ရုပ်ပုံရေးဆွဲရန် ခွင့်ပြုချက်ရရှိ ထားသော်လည်း ပရိသတ်များကို ရှောင်ရှားရန်နှင့် လုံခြုံရေးကို အကြောင်းပြ၍ အခြားနေရာတစ်ခုကိုသာ ရွေးချယ်ပြီး ရေးဆွဲခဲ့သည်။

ထိုစဉ်ကရိုက်ကူးထားသော ဓာတ်ပုံများထဲတွင် ကနေဒါအဆိုတော်သည် အနီရောင်ဦးထုပ်၊ ပြောက်ကျား ဘောင်းဘီဝတ်ဆင်ထားပြီး လုံခြုံရေးတစ်ဦးနှင့် ရဲကားတစ်စီးက သူ၏ဘေးတစ်ဘက် တစ်ချက်စီတွင် ရှိနေခဲ့ ကြောင်းကို တွေ့မြင်ရသည်။

အဆောက်အဦများကို အလှပျက်စေမှုသည် ဘရာဇီးနိုင်ငံ၌ ရာဇဝတ်မှုတစ်ခုဖြစ်ပြီး ဒဏ်ငွေပေးဆောင်ခြင်း၊ သို့မဟုတ် ထောင်ဒဏ်တစ်နှစ် ကျခံစေခြင်းတို့ဖြင့် အပြစ်ပေးနိုင်သည်။

ထိုအချိန်က ထုတ်ပြန်ခဲ့သော ကြေညာချက်များထဲတွင် ဂျက်စတင်ဘီဘာသည် မှုတ်ဆေးများဖြင့် လက်ဆော့ ခဲ့မှုကြောင့် မြို့ပြအထိမ်းအမှတ် အဆောက်အဦများကို အလှပျက်စေမှုဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း ဘရာဇီး ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

ထိုစဉ်က အသက် ၁၉နှစ်အရွယ်သာရှိသေးသော ဂျက်စတင်ဘီဘာသည် အဆိုပါဖြစ်ရပ်အပြီးတွင် ဘရာဇီးနိုင်ငံ အတွင်းမှ နှင်ထုတ်ခံခဲ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required