RCSS နှင့် PNLO တို့ စစ်ရေးတင်းမာခဲ့သည့် ကဒူးကြီးဒေသ ကျေးရွာသားများ ငြိမ်းချမ်းစွာ နေရပ်ပြန်ရေး အောက်ခြေတပ်မှူးများကို ညွှန်ကြား

RCSS နှင့် PNLO တို့ စစ်ရေးတင်းမာခဲ့သည့် ကဒူးကြီးဒေသ ကျေးရွာသားများ ငြိမ်းချမ်းစွာ နေရပ်ပြန်ရေး အောက်ခြေတပ်မှူးများကို ညွှန်ကြား
(ဓာတ်ပုံ- သိင်္ဂီထွန်း)

ချင်းမိုင်၊ ဇူလိုင် ၆ ။           ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ ကဒူးကြီးဒေသတွင်း တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် အပါအဝင် အချက် ၄ ချက် သဘောတူချမှတ်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ပြီးခဲ့သည့် ဇွန်လက RCSS အဖွဲ့နှင့် အမြင်လွဲမှားမှုများ ဖြစ်ပွားခဲ့ရာ တင်းမာမှုများရှိခဲ့သဖြင့် ပုန်စုတ်နှင့် မဲ့တစေကျေး ရွာသား ၂၀၀ ခန့်သည် နားဟီးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အဆိုပါ စစ်ရှောင်များ မိမိ နေရပ်ပြန်နိုင်ရေးအတွက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် နှင့် PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့ ဇူလိုင် ၁ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် တွေ့ဆုံပြီး သဘောထားချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီဒုက္ခသည်တွေ နေရပ်ကို အေးအေးချမ်းချမ်း ပြန်နိုင်အောင် ဝိုင်းလုပ်ကြမယ်လို့ နှစ်ဖက် သဘောထားချမှတ်တာပါ”ဟု PNLO မှ ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၎င်းက ဆက်လက်၍ “ရွာသားတွေ သူတို့ ရွာမပြန်နိုင်သေးဘူး ဖြစ်နေတယ်။ လုံခြုံရေး အာမခံချက် မရှိသေးဘူးလေ။ အဲဒါကြောင့် အာမခံချက်ရှိရေးအတွက် ကိုယ့်ဒေသခံ နှစ်ဖက်တပ်မှူးတွေကို သူတို့နေရပ် ပြန်နိုင်အောင် စီစဉ်ဖို့၊ နေပြီးရင်လည်း နောက်ထပ် ချိန်းခြောက်မှုတွေပေါ်လို့ ထွက်ပြေးရင် မထူးဘူးလေ။ ရေရှည်နေနိုင်ဖို့ အာမခံရအောင် ခေါင်းဆောင်တွေက မှာတာပါ၊ အောက်ခြေမှာ ပေါ်တဲ့ ပြဿနာဆိုတော့ အောက်ခြေမှာ ပြန်ညှိပါ”ဟု ပြောသည်။

ကဒူးကြီးဒေသအတွင်း RCSS မှ တပ်အင်အား ၇၀ ကျော်ခန့် လှုပ်ရှားသွားလာနေပြီး အဆိုပါ ကျေးရွာသားများ လူစုဆောင်းမှုများ ပြုလုပ်လာသဖြင့် နားဟီးကျေးရွာသားများက ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်ဟု PNLO ဘက်က ပြောဆိုသည်။

“လူစုဆောင်းတာရော၊ စီမံချက်တွေ ရှိတယ်ဗျ။ အဲဒီစီမံကချက်တွေလုပ်တော့ ဟိုက လက်မခံဘူး။ လက်မခံရင် မနေနဲ့ဆိုတော့ နားလည်မှုလွဲတာပေါ့”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ထိုတွေဆုံမှုတွင် နှစ်ဖက်ကြား ဖြစ်ပေါ်လာသော ပြဿနာကြီးငယ်ဟူသမျှကို ငြိမ်းချမ်းသောနည်းမဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားကြရန်၊ အဆိုပါ ကျေးရွာသား ၂၀၀ ခန့် မူရင်းကျေးရွာများသို့ လုံခြုံ အေးချမ်းစွာ ပြန်လည် နေထိုုင်နိုင်ရေးနှင့် ရှေ့ဆက် ပြဿနာများ မရှိစေဘဲ နေုထိုင်နိုင်ရေးတို့ကို အာမခံ ရှိစေရန် မိမိတို့ နှစ်ဖွဲ့၏ အောက်ခြေဒေသတွင်းရှိ တဝန်ခံများ၊ တပ်မှူးများသို့ ညွန်ကြားသွားကြရန် နှစ်ဖက် ပူးတွဲသဘောထားချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာ့တပ်မတော်အနေဖြင့်လည်း အဆိုပါ ကျေးရွာသားများ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် လုံလောက်သော အကာအကွယ်ပေးသွားရန် တောင်းဆိုကြောင်းနှင့် ဒေသတွင်းရှိ တပ်ရင်း၊ တပ်ခွဲများအချင်းချင်း မကြခဏ တွေ့ဆုံဆွေးနွေးကြရန်နှင့် တောင်ကြီးမြို့ရှိ နှစ်ဖက် ဆက်ဆံရေးရုံး တာဝန်ခံများ အချင်းချင်းလည်း မကြာခဏ တွေ့ဆုံညှိနှိုင်းကြရန် RCSS နှင့် PNLO တို့အကြား သဘောတူညီခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလကလည်း RCSS နှစ် PNLO တို့အကြား ကဒူးကြီးဒေသအတွင်း နယ်မြေအငြင်းပွားမှုဖြစ်ပွားခဲ့သဖြင့် ပြည်ထောင်စု သဘောတူစာချုပ်တွင် ကဒူးကြီးဒေသကို PNLO လှုပ်ရှားနယ်မြေအဖြစ် သတ်မှတ်ထားကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မင်းက ကြားဝင် ဖြေရှင်းခဲ့သဖြင့် ပြေလည်မှုရရှိခဲ့ပြီးဖြစ်သည်။

ယင်းအဖွဲ့ နှစ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA လက်မှတ်ရေးထိုးထားသော အဖွဲများလည်းဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required