ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များကိုလက်ခံရန် မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များကိုလက်ခံရန် မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်း
(ဓာတ်ပုံ- State Counsellor Office Information Committee)

ရန်ကုန် ၊ ဇူလိုင် ၆ ။                ။ ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များကို   ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် တွေ့ဆုံစဉ် မေတ္တာရပ်ခံခဲ့သည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ဇူလိုင် ၅ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ တရားဝင်ခရီး သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြောဆိုစဉ် မြန်မာနိုင်ငံဘက်မှ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ပြီး အဆိုပါ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များ အကြမ်းဖက်မှု နှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်သွားရေး စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကမူ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ နယ်မြေကို အသုံးပြုပြီး အခြားနိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်သော မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ လက်မခံသည့်မူ Zero Tolerance မူကို ကျင့်သုံးကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၇ ဇွန်လ ၂၆ ရက်နေ့အထိ အပြစ်မဲ့ အရပ်သား ၃၈ ဦး အသတ်ခံခဲ့ရကာ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး အပါအဝင် အရပ်သား ၂၂ ဦး ပျောက်ဆုံးခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာ သတ်ဖြတ်ခံရသူနှင့် ပျောက်ဆုံးသူအရေအတွက်သည် စိုးရိမ်စရာ မြင့်တက်လာခဲ့သည်ဟု ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြအနေထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required