လှုပ်လှုပ်ရှားရှား အပြောင်းအရွှေ့သတင်းများ

လှုပ်လှုပ်ရှားရှား အပြောင်းအရွှေ့သတင်းများ
 

ပထမဆုံးပြောချင်တဲ့သတင်းကတော့ မန်ယူ၊ ရွန်နီနဲ့ လူကာကူတို့ရဲ့သတင်းဖြစ်ပါတယ်။ မန်ယူအသင်းဟာ ချယ်လ်ဆီးက ခေါ်ယူဖို့ကြိုးပမ်းနေတဲ့ အဲဗာတန်တိုက်စစ်မှူး လူကာကူကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ နဲ့ ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ မန်ယူဟာ အခြားနည်းလမ်းတစ်ခုအနေနဲ့ လူကာကူကို ခေါ်ယူရာမှာ ရွန်နီကို အစိတ်အပိုင်းတစ်ရပ်အနေနဲ့အသုံးပြုဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဒုတိယသတင်းကတော့ အာဆင်နယ်နဲ့ဆန်းချက်ဇ်ရဲ့သတင်းပါ။ ချီလီတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ တစ်ပတ်လစာငွေပေါင်လေးသိန်းပေးဖို့အာဆင်နယ်အသင်းကို တောင်းဆိုလိုက်ပါတယ်။ ဆန်းချက်ဇ်ရဲ့လက်ရှိလစာငွေဟာ ပေါင် ၁၂၅,၀၀၀ သာ ရှိပါတယ်။ အာဆင်နယ်အသင်းဟာ ဆန်းချက်ဇ်နဲ့အိုဇေးလ်နှစ်ဦးစလုံးကို လစာငွေ တိုးမြှင့်ကမ်းလှမ်းခဲ့ပေမယ့် ဆန်းချက်ဇ်က   ပေါင်လေးသိန်းအထိတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ပီအက်စ်ဂျီအသင်းဟာ လီဗာပူးလ်တိုက်စစ်မှူး ကော်တင်ဟိုကို ပေါင်သန်း ၇၀ နဲ့ကမ်းလှမ်းဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့ သတင်းပါ။ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

စတုတ္ထမြောက်သတင်းကတော့ အက်သလက်တီကိုအသင်းဟာ တိုက်စစ်မှူးဒီယေဂိုကော်စတာအတွက် ချယ်လ်ဆီးအသင်းထံ ပေါင် ၂၂ သန်းနဲ့ကနဦးကမ်းလှမ်းမှုပြုလုပ်လိုက်တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းကို ဖီဖာက လာမယ့်ဇန်နဝါရီလအထိ ကစားသမားဝယ်ယူဖို့ ပိတ်ပင်ထားပေမယ့် ကော်စတာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

နောက်ဆုံးသတင်းကတော့ အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်ရဲ့ သတင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းကို လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီရောက်လာတာကြောင့် ဂီရော့ဒ်အသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေက အသံပိုကျယ်လာခဲ့ပါတယ်။ ဂီရော့ဒ်ကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေသလို အဲဗာတန်အသင်းကလည်း ပေါင်သန်း ၂၀ နဲ့ ဂီရော့ဒ်ကို ခေါ်ဖို့ ပြင်ဆင်နေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly