ဘာစီလိုနာနဲ့ ၂၀၂၁ အထိ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားတဲ့ မက်ဆီ

ဘာစီလိုနာနဲ့ ၂၀၂၁ အထိ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားတဲ့ မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့  သဘောတူညီမှု ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ ကလပ်အသင်းမှာ ရှိနေမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက မက်ဆီကို တစ်ပတ် လစာပေါင် (၅)သိန်းနဲ့  ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်ပြီး စာချုပ်ပါလျော်ကြေးကိုလည်း ပေါင်(၂၆၄) သန်းအဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

"ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမား မက်ဆီရဲ့ စာချုပ် သက်တမ်းတိုးနိုင်လို့ ကလပ်အသင်းက အလွန်ဝမ်းမြောက်ပါတယ်။"လို့ ဘာစီလိုနာအသင်းက ပြောပါတယ်။

အသက် ၁၃ နှစ်သားကတည်းက ဘာစီလိုနာမှာ ပူးပေါင်းခဲ့တဲ့ အသက် ၃၀ နှစ်ကစားသမားဟာ လာမည့်တစ်ပတ်တွင် ဘာစီလိုနာနှင့် ရာသီကြိုလေ့ကျင့်ခန်းဆင်းချိန်ကျမှ စာချုပ်မှာ လက်မှတ်ရေးထိုးမှာလို့ သိရပါတယ်။

မက်ဆီရဲ့ တစ်နှစ်လစာမှာ ပေါင် (၂၆.၄)သန်းဖြစ်ပြီး တစ်ပတ် လစာပေါင် (၅)သိန်းဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ၊ ချန်ပီယံလိဂ်ဖလားနှင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုများ ဆွတ်ခူူးခဲ့မယ်ဆိုရင် ၎င်းရဲ့ လစာငွေ ၂၀ ရာခိုင်နှုန်း တိုးပေးသွားမှာဖြစ်သလို လက်မှတ်ရေးထိုးကြေးအဖြစ် တန်ဖိုး ဖော်ပြမထားပေမယ့် ပေါင် ၂၃.၂ သန်း ရရှိမယ်လို့ ယူဆရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ အသင်းနဲ့ ၂၀၀၄ ပွဲဦးထွက်ကစားပြီးနောက်ပိုင်း ပွဲပေါင်း (၅၈၃) ကစားခဲရာမှာ ကလပ်စံချိန်တင် (၅၀၇) ဂိုး သွင်းယူခဲ့သလို ဂိုး (၃၄၉)နဲ့ လာလီဂါရဲ့ ဂိုးသွင်းစံချိန်ရှင်လည်းဖြစ်ပါတယ်။

မက်ဆီဟာ လာလီဂါချန်ပီယံ (၈)ကြိမ်၊ ချန်ပီယံလိဂ် (၄) ကြိမ်၊ စပိန်ဘုရင့်ဖလား (၅)ကြိမ်၊ စပိန်စူပါဖလား (၆)ကြိမ်၊ ဥရောပစူပါဖလား (၃)ကြိမ်နှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား (၃)ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။

Ref; BBC, Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required