အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသည့် အစည်းအဝေးခန်းမကို မူလအတိုင်း ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသသွားမည်

အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသည့် အစည်းအဝေးခန်းမကို မူလအတိုင်း ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသသွားမည်

ရန်ကုန် ၊ ဇူလိုင် ၅ ။               ။ ၇၀ ကြိမ်မြောက် ကျရောက်မည့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ခန်းမကို မူရင်းပုံစံ အတိုင်း အများပြည်သူကြည့်ရှုနိုင်ရန် ပထမဆုံးအကြိမ် ခင်းကျင်းပြသသွားမည်ဟု ဝန်ကြီးများရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မမေသန္တာဝင်းက ဆိုသည်။

"ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အခန်းက အရင်တုန်းက အများပြည်သူကို ဖွင့်မပြခဲ့ဘူး၊ ဒီနှစ်မှာ ပထမဆုံးဖွင့်ပြမယ့်နှစ် ဖြစ်တယ်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရတုန်းက ရှိခဲ့တဲ့ ပရိဘောဂတွေကို အမျိုးသားပြတိုက်ငှားပြီး ကြည့်ရှုလို့ရအောင် စီစဉ်ထားတယ်" ဟု မမေသန္တာဝင်းက ပြောသည်။

လက်ရှိတွင် အဆိုပါအခန်းကို ဘုရားခန်းအဖြစ် အချိန်အတော်ကြာပြောင်းလဲထားပြီး ယခုပထမဆုံးအကြိမ် မူလအတိုင်း အများပြည်သူသို့ ပြသခြင်းဖြစ်သည်။

ယင်းအပြင် လွတ်လပ်ရေးရရှိပြီးနောက် ပထမဆုံး မြန်မာနိုင်ငံ အလံလွှင့်တင်ခဲ့သည့် ဝန်ကြီးများရုံးအတွင်းရှိ အလံတိုင်နေရာ၊ တိုင်းပြုပြည်ပြုလွှတ်တော်ရုံး၊ ကက်ဘိနက် ဝန်ကြီးများ အစည်းအဝေးခန်းမများကို ဝင်ရောက် လေ့လာနိုင်အောင် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အဦ ဖြစ်သည့် ဝန်ကြီးများရုံးကို ၂၀၁၄ ခုနှစ်မှ စတင်ပြီး အာဇာနည်နေ့ ရောက်ရှိတိုင်း အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသခဲ့သော်လည်း အဆောက်အဦး၏ ကြံ့ခိုင်မှုအနေအထားအရ အချို့နေရာများကို ကန့်သတ်ထားဆဲဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါ ဝန်ကြီးများရုံးကို အနော်မာ အနုပညာအဖွဲ့က တာဝန်ယူ ပြုပြင်လုပ်ကိုင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required