နိုဘယ်လ်ဆုရှင် လျူရှောင်ဘိုရဲ့ ကင်ဆာရောဂါကို ကုသဖို့ ပြည်ပက ကျွမ်းကျင်ဆရာဝန်တွေကို တရုတ်ဖိတ်ခေါ်ထား

နိုဘယ်လ်ဆုရှင် လျူရှောင်ဘိုရဲ့ ကင်ဆာရောဂါကို ကုသဖို့ ပြည်ပက ကျွမ်းကျင်ဆရာဝန်တွေကို တရုတ်ဖိတ်ခေါ်ထား

ဇူလိုင် ၅ ။             ။ ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တရုတ်အတိုက်အခံ လျူရှောင်ဘို ကို ကူညီကုသပေးနိုင်ဖို့အတွက် အမေရိကန်၊ ဂျာမန်နဲ့အခြားနိုင်ငံတွေက ကျွမ်းကျင်ဆရာဝန်ကြီးတွေကို ဖိတ်ခေါ်မယ်ဆိုပြီး ပေကျင်းအာဏာပိုင်တွေက ပြောပါတယ်။

လျူရဲ့ မိသားစုဝင်တွေရဲ့ တောင်းဆိုမှုအရ ယခုလို ပြည်ပအကူအညီကိုပါ ရယူသွားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ၎င်းဆေးဝါးကုသမှုခံယူနေတယ်ဆိုတဲ့ ရှန်ယန်းမြို့ က ဥပဒေရေးရာဗျူရိုက ထုတ်ပြန်ပါတယ်။

အတိုက်အခံ လျူဟာ ၎င်းရဲ့နိုင်ငံရေးလုပ်ဆောင်ချက်တွေကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေခဲ့ရသူဖြစ်ပြီး ထောင်ထဲမှာ ကင်ဆာရောဂါရလာခဲ့လို့ ပြီးခဲ့တဲ့လကပဲ ဆေးကုသဖို့အတွက် အာဏာပိုင်တွေက ပြန်လွှတ်ခဲ့တာဖြစ်ပါတယ်။

ယခုအချိန်မှာ ကင်ဆာနောက်ဆုံးအဆင့် ရောက်နေတဲ့ လျူကို ပြည်ပကို ထွက်ပြီး ဆေးကုသခွင့် မပြုတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ပေကျင်းအစိုးရအပေါ် ဝိုင်းဝန်ပြစ်တင်ထားခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အသက် ၆၁ နှစ်ရှိ လျူဟာ ယခုအချိန်မှာ ရှန်ယန်းမြို့က ဆေးရုံမှာ ပြည်တွင်းက ကင်ဆာအထူးကုဆရာဝန်တွေရဲ့ အထူးစောင့်ကြည့်မှုအောက်မှာ ရှိနေကြောင်း တရုတ်အစိုးရက ဆိုပါတယ်။

အတိုက်အခံ လျူရှောင်ဘိုဟာ  နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်ကပဲ ထောင် ၁၁ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required