ပထမဆုံးအနေနဲ့ မိခင်ကို ဆေးကုပေးမည့် ကျပ်သိန်းတစ်သောင်းဆုရှင် ခွန်မိုးသွင်နှင့် တွေ့ဆုံခြင်း

ပထမဆုံးအနေနဲ့ မိခင်ကို ဆေးကုပေးမည့် ကျပ်သိန်းတစ်သောင်းဆုရှင် ခွန်မိုးသွင်နှင့် တွေ့ဆုံခြင်း
ဓာတ်ပုံ- စိုင်းလိုင်း

ဇူလိုင် ၅ ရက် ။                ။ ဇူလိုင်လ ၁ ရက်နေ့က လေးကြိမ်မြောက် ဖွင့်လှစ်ခဲ့သော ကျပ် ၅ဝဝ တန်အောင်ဘာလေထီ ကျပ်သိန်းတစ် သောင်းဆုအား အောင်ဘာလေထီ န ၁၇၅၆၉၆ နံပါတ်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ ပင်တလဲ ရွာသား ရေဦးရွာတွင်နေထိုင်သူ ခွန်မိုးသွင်က ရရှိခဲ့သည်။

ထိုသို့ လေးကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆု ကံထူးရှင် ဖြစ်လာသည့် ခွန်မိုးသွင်နှင့် ယခုကဲ့သို့ မဇ္ဈိမက သွားရောက်တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ အစ်ကိုရဲ့နာမည် နဲ့ နေရပ်လိပ်စာ ကိုမိတ်ဆက်ပေးပါဦးခင်ဗျ။

ဖြေ။ ။ ကျွန်တော် နာမည်က ခွန်မိုးသွင်ပါ။ ကျွန်တော်က ပင်တလဲရွာသားပါ။ အခုလက်ရှိ မိသားစုနဲ့ နေထိုင် တာကတော့ ရေဦးရွာမှာပါ။

မေး။ ။ ဟုတ်ကဲ့။ အကိုအနေနဲ့လေ ထီကို ဘယ်မှာ ထိုးဖြစ်ခဲ့တာလဲ။ ထီထိုးဖြစ်ခဲ့တဲ့ ထူးထူးခြားခြား အကြောင်းလေးရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ ထီကိုတော့ ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းလောက် ၅စောင်တွဲထီ တစ်စောင်ကို ဆရာမ ဒေါ်ကြည်ဝင်းဆိုင်မှာ သွားထိုးခဲ့တာပါ။ အိမ်မက်ထဲမှာ ထီပေါက်တယ်ဆိုပြီး အိမ်မက် မက်လို့ ကျွန်တော် ထိုးဖြစ်ခဲ့တာ။ ဆရာမဆိုင်မှာ ထိုးဖြစ်ခဲ့တဲ့ အကြောင်းကလည်း အိမ်မက်ထဲမှာ ဆရာမဆိုင်မှာ ထိုးတဲ့ ထီကပေါက်တယ်ဆိုတဲ့ အကြောင်းအိမ်မက် မက်ခဲ့လို့ အဲ့ဒီမှာပဲသွားထိုးဖြစ်ခဲ့တာ။

မေး။ ။ ဟုတ်ကဲ့။ ထီပေါက်တဲ့အကြောင်းကိုရော ထီဂဏန်းတိုက်ကြည့်လို့သိခဲ့တာလား။ ဘယ်လိုများသိခဲ့တာလဲ။

ဖြေ။ ။ ထီပေါက်မှန်းတော့ ကျွန်တော်မသိဘူးပေါ့နော့။ တိုက်လည်း မတိုက်ကြည့်ဖြစ်ခဲ့ဘူး။ နှစ်ရက်နေ့မှာပဲ ကျွန်တော်ထီပေါက်တဲ့အကြောင်းကို အရောင်းကိုယ်စားလှယ် အိမ်မှာ လာပြောပြခဲ့လို့ သိရတာ။ ကျွန်တော်က စီးပွားရေးမပြေလည်ဘူးလေ။ အကြွေးတွေ ပတ်လည်နဲ့။ အကြွေးကလည်း သိန်းသုံးဆယ် လောက် ရှိတယ်။ စိုက်ပျိုးရေး အလုပ်လုပ်ရင်းနဲ့ အကြွေးတွေနဲ့ ပတ်လည်နေတာ။ အကြွေးဆပ်ဖို့ကလည်း အဆင်မပြေသေး ဘူးလေ။ အခုလို ထီပေါက်တဲ့ အကြောင်းကို အိမ်လာပြောတော့ အကြွေးတောင်းသမားလို့ ထင်နေတာ။ ကျွန်တော်တော့ မထင်ဘူးပေါ့နော့။ ဒါပေမယ့် အိမ်သားတွေက နင်ကို အကြွေးလာတောင်းပြီ ထင်တယ်လို့ ပြောတော့ ကျွန်တော် ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်တော့ ဆရာမကိုတွေ့တာပေါ့နော့။ ထီက ဆရာမဆီမှာ ထိုးထားတာဆိုတော့ ကျွန်တော် ထီပေါက်ပြီနဲ့ တူတယ်လို့တွေးမိတာပေါ့။ တကယ်လည်း ဆရာမက ထီပေါက်တဲ့အကြောင်းလာပြောပြတာ။

မေး။ ။ ထူးထူးဆန်းဆန်း အိမ်မက်ထဲမှာ ထီပေါက်တယ်ဆိုပြီး မက်ခဲ့လို့ ထိုးခဲ့တဲ့ ထီက အပြင်မှာ တကယ် ပေါက်ခဲ့တာဆိုတော့ အစ်ကိုအနေနဲ့ ထီပေါက်တဲ့ သတင်းကြားတော့ စိတ်ထဲဘယ်လိုဖြစ်သွားလဲ။

 ဖြေ။ ။ ထီပေါက်တဲ့အကြောင်းကြားတော့ ဘာလုပ်လို့၊ ဘာကိုင်ရမယ်မသိတော့ဘူး။ အရမ်းပျော်သွားတာ။ ထမင်းစားခါနီး ထမင်းတောင် စားလို့မရတော့ဘူး။ တအားကို ပျော်သွားလို့။

မေး။ ။ အစ်ကိုထက်အရင် ကျပ်သိန်းတစ်သောင်းဆုထီ သုံးယောက်ပေါက်ခဲ့တာရှိတယ်လေ။ သူတို့ကိုရော အားကျတာတွေ ရှိခဲ့လား။

ဖြေ။ ။ ဟုတ်ကဲ့။ အရင်ထီပေါက်တဲ့သူတွေသတင်းတွေ ကြားတော့ အားကျခဲ့မိတယ်။ သူတို့ကို အားကျလို့လ ည်း ပထမတစ်ကြိမ် ထီထိုးခဲ့သေးတယ်။ မပေါက်ဘူး။ ဒီတစ်ခါကတော့ အိမ်မက်မက်လို့ သွားထိုးတော့ ပေါက် သွားတာပေါ့။ ဒီတစ်ခါနဲ့ဆိုရင် ထီထိုးခဲ့တာ နှစ်ကြိမ်မြောက်ပါ။

မေး။ ။ လူတိုင်းက မျှော်လင့်ချက်နဲ့ ထီကို ထိုးကြတာဆိုတော့။အစ်ကိုအနေနဲ့ရော ထီထိုးပြီးတော့ ပေါက်မယ်လို့ မျှော်လင့်ခဲ့တာရှိလား။

ဖြေ။ ။ ထီထိုးပြီးတော့ ပေါက်မယ်လို့တော့ မတွေးမိဘူး။ ထိုးသာထိုးထားတာ မမျှော်လင့်ခဲ့ဘူး။ ဒီလိုပဲ နေခဲ့တာ။ ထီပေါက်တယ် ကြားတော့ တအားကို ပျော်ခဲ့ရတာပေါ့။

မေး။ ။ ဟုတ်ကဲ့ပါ။ အစ်ကိုက အခု ကျပ်သိန်းတစ်သောင်း ကံထူးရှင်ဖြစ်သွားပြီဆိုတော့ အိမ်မက်တွေ တစ်ကယ် ဖြစ်လာပြီလေ။ ဒီလိုဆိုတော့ အစ်ကိုအနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ ရှိလဲ။ ဘာကို ပထမဦးဆုံး လုပ်ချင်လဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ ပညာရေးနဲ့ ပတ်သက်တဲ့ ပရဟိတလုပ်ငန်းလုပ်မယ်လို့ စဉ်းစားထားတာရှိတယ်။ ဒါပေမယ့် ပထမဦး ဆုံး အနေနဲ့ကတော့ မိဘကျေးဇူးအရင်ဆပ်မယ်ပေါ့။ အမေကလည်း ကျန်းမာရေးသိပ်မကောင်းတော့ အရင်ဆုံး အမေ့ကို ဆေးခန်း၊ ဆေးရုံပြပြီးတော့မှပဲ ကျေးရွာက လူကြီးတွေနဲ့ တိုင်ပင်ပြီးတော့နော့ ။ကျေးရွာမှာလိုအပ်နေ တဲ့ ပညာရေးပိုင်းတွေနဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ ပရဟိတလုပ်ငန်းမျိုးပေါ့။ ဇာတိရွာဖြစ်တဲ့ ပင်တလဲရွာနဲ့ အခု လက်ရှိနေတဲ့ ရေဦးရွာနှစ်ရွာလုံးမှာ လုပ်ချင်တယ်လို့ စိတ်ကူးထားတာရှိတယ်။ တကယ်လည်း လုပ်မှာပါ။

မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ပေါ့။ အစ်ကိုက ဒီလေးကြိမ်မြောက်ကံထူးရှင်ဆိုတော့ မျှော်လင့်ချက်ကိုယ်စီနဲ့ ထီထိုးနေကြတဲ့ သူတွေကို အကိုရင်ထဲက ဘာများပြောပြချင်တာ ရှိပါသလဲ။

ဖြေ။ ။ ထီထိုးတယ်ဆိုတာ ကံတစ်ခုကို စမ်းတာနဲ့ အတူတူပါပဲ။ ပေါက်သွားခဲ့ရင်တော့ အောက်ခြေလူတန်းစားအနေနဲ့ လူဘဝမှာ တဆစ်ချိုး ပြောင်းလဲနိုင်တယ်လို့ ပြောပြချင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly