အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြတ်စန္ဒာကျော်နဲ့ တိုက်ရိုက်တင်ဆက်မှုမှ ကောက်နှုတ်တင်ပြချက် အပိုင်း(၁)

အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြတ်စန္ဒာကျော်နဲ့ တိုက်ရိုက်တင်ဆက်မှုမှ ကောက်နှုတ်တင်ပြချက် အပိုင်း(၁)

မျက်နှာအရေပြားဆိုင်ရာ ဝက်ခြံ၊ အမာရွတ်၊ နေလောင်ဒဏ်၊ တင်းတိတ် နဲ့ ပတ်သက်ပြီး 4R Health Talk (ကျန်းမာရေးရာ အဖြေရှာ အစီအစဉ်)မှ အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်မြတ်စန္ဒာကျော်နဲ့ မဇ္ဈိမ တိုက်ရိုက် Live တင်ဆက်မှုထဲမှ ဖြေကြားချက်အချို့ကို မဇ္ဈိမပရိတ်သတ်များအတွက် ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။မေး။  မျက်နှာနဲ့ နားရွက်တွေမှာ ဝက်ခြံဘုတွေ အရမ်းများနေတာ ဘယ်လိုလုပ်ရမလဲ၊ နောက်ပြီးတော့ မျက်နှာမှာလည်း အမဲစက်တွေ အရမ်းထွက်နေတာ ဘယ်လိုလုပ်ရမလဲ။ဖြေ ။ အမဲစက်ဆိုတာက Pigmentation ဆိုတဲ့ အရောင်ပြောင်းခြင်းကို ခေါ်တာ ၊ အနီဖု အနီစက်ဆိုတာ Pimples ပေါ့။ ဝက်ခြံလို အဖုလေးတွေပေါ့နော်။ ဆယ်ကျော်သက်တွေ ဘာလို့ ပိုဆိုးလဲဆိုလို့ရှိရင် ဟော်မုန်းထွက်လို့။ ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်း အပြောင်းအလဲဖြစ်တယ်။ ဟော်မုန်းထွက်တယ်။ ဒါကြောင့်မို့ သူတို့က အရပ်မြင့်လာတယ်၊ အသံသြလာတယ်၊ ပြောင်းလဲမှုတွေ ဖြစ်လာတယ်။ အဲ့ဒီလို ပြောင်းလဲမှုတွေ ဖြစ်စေတဲ့ ဟော်မုန်းက မျက်နှာမှာရှိတဲ့ ဝက်ခြံကို အဆီဖြစ်စေတယ်။ မျက်နှာမှာ အဆီကျိတ်တွေ ကြီးလာမယ်။ အဆီလမ်းကြောင်းတွေက အဆီကျိတ်ကြီးတော့ ပိတ်သွားတယ်။ ပိတ်ဆို့သွားတယ်။ အဲ့ဒီအချိန်မှာ သူတို့က ကစားမယ်။ ဒါမှမဟုတ် စိတ်ညစ်မယ်၊ နောက် စာမေးပွဲဖြေမယ်။ အဲ့လိုအခါမျိုးမှာ ဆိုလို့ရှိရင် ဝက်ခြံက ပိုထွက်တယ်။ နောက်ပြီးတဲ့အခါ ပွတ်တိုက်ကုတ်ခြစ်တဲ့အခါမှာ အမဲစက်တွေ ကျန်တတ်တယ်။ အဲ့တာကြောင့်မို့လို့ ဝက်ခြံကို ကိုင်လို့ တွယ်လို့ရတယ်။ ပွတ်တိုက် ကုတ်ခြစ်လို့ မသင့်တော်ဘူးပေါ့။ ဝက်ခြံက မွှေးညှင်းပေါက်ဘေးနားမှာ ရှိတဲ့ အဆီကျိတ်က ဖြစ်တာလေ။ အဲ့ဒီအခါမှာ အရေပြားရဲ့ အောက်ခြေအထိ ရောက်သွားတယ်ပေါ့နော်။ အဲ့ဒီနေရာကို သွားပြီးတော့ ဝက်ခြံမမှည့်ခင်မှာ ထိခိုက်ဒဏ်ရာရစေမယ့် အပြုအမူမျိုး တစ်ခုခုပေါ့ ။ ပွတ်တာတိုက်တာ ကုတ်တာခြစ်တာ လုပ်လိုက်တဲ့အခါကျရင် အမာရွတ်ကျန်တတ်တယ်။

မေး ။  ဝက်ခြံပျောက်ဆေးလိမ်းတာ ပျောက်သင့်သလောက်တော့ ပျောက်သွားပေမယ့် အမာရွတ်၊ အမဲစက်နဲ့ ချွေးပေါက်ကျယ်တာ ဘယ်လိုမှ မပျောက်သေးဘူး။ သခွားသီးကပ်တာလောက်ပဲ လုပ်နိုင်တယ်။ ချွေးပေါက်ပိတ်တာ ဘယ်လိုလုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါဦး။ဖြေ ။ Toner တို့လို အရေပြားချွေးပေါက်ကို ကျဉ်းစေတဲ့ လိမ်းဆေးတွေတော့ ရှိတယ်။ ဒါပေမယ့်လည်း ချွေးပေါက်တွေ အကုန်လုံးကိုတော့ ငယ်ငယ်တုန်းကလိုတော့ ပြန်ပြီးတော့ မကျဉ်းနိုင်တော့ဘူး။ ဒါပေမယ့် ချွေးပေါက်ကိုမှ ကျဉ်းစေချင်ရင်တော့ လိမ်းဆေးတွေလဲ ရှိသလိုပဲ လေဆာနဲ့လည်း လုပ်လို့ရတယ်။ တချို့လေဆာတွေက ချွေးပေါက်ကိုပဲ ပြန်ပြီးတော့ ကောင်းအောင် လုပ်ပေးတာမျိုးတွေလည်း ရှိပါတယ်။

မေး ။ အရွယ်မတိုင်ခင် အရေပြားတွေ တွန့်နေတာကိုကော ဘယ်လိုမျိုး တင်းတင်းရင်းရင်း ဖြစ်အောင် လုပ်သင့်ပါသလဲ။ဖြေ ။ အရေပြားတွန့်တာကတော့ Wrinkle ဖြစ်တဲ့အကြောင်းလို့ခေါ်တယ်။ အရေပြားတွန့်ခြင်းက အကြောင်း ၂ ခု အဓိက ဖြစ်တယ်။ ခန္ဓာကိုယ်ကနေမှ အသက်ကြီးလို့ အိုမင်းလာတာပေါ့။ ဆရာမတို့လိုပေါ့လေ အသက်ကြီးလို့ အိုလာတာပေါ့။ တချို့ကတော့ အဲ့ဒီလို မဟုတ်ဘူး။ သူက အရေပြား Skin Cares နဲ့ Skin Cares Products တွေကို အလွန်သုံးတာ။ အရေပြားရဲ့ဆဲလ်လေးရဲ့ သက်တမ်းက ၂၈ ရက် ၁ လ လောက်ရှိတယ်။ အသက်ကြီးလို့ အိုမယ်၊ အရေပြား Skin Cares တွေကို အရမ်းသုံးတဲ့အခါမှာ Dry Skin ရတယ်။ အသားခြောက်သွေ့ပြီးတော့ အိုတတ်တယ်။ Wrinkle တွေ ပေါ်တတ်တယ်။ နောက်တစ်ခုက နေပူထဲမှာ အလုပ်အရမ်းလုပ်တဲ့လူတွေ၊ နေပူထဲမှာ နေရောင်ခံရတဲ့လူတွေက နေရောင်ကြောင့်မို့ အိုမင်းခြင်းတွေ ဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ ကိုယ်က Wrinkle ကိုလည်း မကြိုက်ဘူးဆိုလို့ရှိရင် ငယ်စဉ်ကထဲက နေရောင်ရှောင်သင့်တယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ အပြင်မှာ အလုပ်လုပ်ရမှာမျိုးတွေ ရှောင်တာမျိုးပေါ့။ Skin Cares တွေ Skin Cares Products တွေကို အလွန်အကျွံသုံးတာမျိုးပေါ့နော်။ မျက်နှာကို ခဏခဏ ပေါင်းတင်၊ ချေးချွတ်၊ အဆိပ်ထုတ် လုပ်တာမျိုးဆိုရင်လည်း အရေပြားအပေါ်လွှာ ပျက်ဆီးတယ်။ မလုပ်ရဘူးမပြောဘူး၊ လုပ်သင့်တယ်။ ဒါပေမယ့် အရေပြားရဲ့ သက်တမ်းကို ပိုပြီးထိခိုက်ဒဏ်ရာရတာမျိုးပေါ့။ နောက် အိပ်ရေးပျက်တာမျိုးပေါ့။ အိပ်ရေးပျက်တာမျိုး မဖြစ်သင့်ဘူး။ Enough Sleep မျိုး ဖြစ်သင့်တယ်။ ၇ နာရီ ၈ နာရီပေါ့။ သူ့အသက်အရွယ်နဲ့သူ အိပ်ချိန်တွေ ရှိသင့်တယ်။ နောက် Eye Stream သုံးတာမျိုးက မျက်လုံးတဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်တတ်တယ်။ အခုနောက်ပိုင်းမှာက မီဒီယာတွေ IT တွေ အရမ်းခေတ်စားလာတဲ့အခါ Eye Stream အရမ်းသုံးတာမျိုးဆိုရင် အရေးအကြောင်းတွေ များတတ်တယ်။   နောက်တစ်ခုက   ဆေးလိပ်သောက်တာတွေ။   နောက်တစ်ခုက ဝရာကနေ ပိတ်သွားတဲ့အခါမှာ အတွန့်တွေ အရမ်းများတယ်။ ဝိတ်လျော့လိုက်တာမျိုးတွေလေ။ အထူးသဖြင့်တော့ ရေဓါတ်အရမ်းနည်းတယ် ဆိုရင်လည်း အတွန့်တွေ ဖြစ်တတ်တယ်။ ဝမ်းလျောရင် လူတွေက ပိန်သွားလို့ဆိုပြီး ပျော်နေကြတယ်။ တစ်ကယ်က ပိန်သွားတာ မဟုတ်ဘူး။ ရေဓါတ်ဆုံးရှုံးသွားတာ၊ မျက်နှာတွေဆိုရင် တွန့်သွားတာမျိုးတွေ။ နောက်ပြီးတော့ အရမ်းပင်ပန်းတဲ့ အခါမှာ နားချိန်လုံလောက်စွာ မယူတဲ့အခါမျိုးဆို အတွန့်ဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ အတွန့်ဖြစ်တတ်တဲ့ နည်းတွေကို သိထားတော့ ရှောင်ကျဉ်ခြင်းအားဖြင့် နုပျိုအောင် နေလို့ရပါတယ်။

မေး ။  မျက်နှာပေါ်က ဆဲလ်သေတွေကို ဘယ်နှခါလောက် သတ်သင့် ဖယ်ရှားသင့်ပါသလဲ။ဖြေ ။ ဆဲလ်သေတွေကို ဖယ်ရှားတဲ့နည်းတွေက အများကြီးပဲ။ အရေပြားရဲ့ သက်တမ်းက ၁ လ လောက်ရှိတယ်။ အရေပြား အောက်ခြေလွှာကနေ အရေပြားအပေါ်လွှာကို ဆဲလ်လေးတွေက   ရောက်သွားတဲ့အခါမှာ သေသွားမယ်။ တစ်ခုနဲ့ တစ်ခု ဆက်ထားမယ်။ အချိန်တန်လို့ရှိရင် သူတို့က ကွာသွားပြီးတော့မှ ကြွေကျသွားတယ်ပေါ့နော်။ အဲ့တော့ ဆဲလ်သေအလွှာက တစ်ကယ်က တအားတန်ဘိုးရှိတယ်။ ဆဲလ်သေအလွှာလေးက အရေပြားကို ပိတ်ထားတဲ့အတွက် တော်ရုံပိုးတွေက မဝင်နိုင်ဘူး။ အရေပြားရဲ့ ဆဲလ်ပွားနှုန်းက အသက်ကြီးလာလို့ရှိရင် ကျသွားတယ်။ ဆဲလ်ပွားနှုန်း နှေးသွားတာပေါ့။ နှေးသွားတဲ့အခါမှာ အတွန့်တွေ ပေါ်လာတယ်။ အဲ့တော့ လူတွေက နည်းလမ်းတစ်ခု လုပ်လိုက်တယ်။ ဆဲလ်သေတွေကို ခွာခြင်းအားဖြင့် ဆဲလ်ပွားနှုန်းမြန်အောင် လုပ်တာပေါ့။ မျက်နှာဆေးတာတွေပေါ့။ မျက်နှာ Peeling လုပ်တယ်လို့ခေါ်တယ်။ အဲ့လိုမျိုးလုပ်တဲ့အခါမှာ အပေါ်က ဆဲလ်သေလေးက ကွာသွားတယ်။ ဒါပေမယ့် အဲ့ဒီလို Scrub တွေကို တစ်ပတ်ကို ၂ ခေါက်ထက် ပိုမသုံးသင့်ဘူး။ သူက ပုံမှန်ရှိနေရမယ့် ဆဲလ်သေလွှာလေးကို ပျက်ဆီးစေမှာမျိုးကို မလုပ်သင့်ဘူး။ နောက် Peeling ဆိုလည်း ဒီလိုပဲ ခဏ ခဏ လုပ်တယ်ဆိုရင် အရေပြား အောက်ခြေအထိကို စားသွားမှာလေ။ အဲ့ဒီအခါ အရေပြားထိခိုက်တဲ့အတွက် ပုံမှန် အရေပြားရဲ့ ဖြစ်စဉ် ပျက်ဆီးသွားလို့ ခုခံကာကွယ် နိုင်တဲ့စွမ်းရည် ကျသွားလိမ့်မယ်။ အရေပြားမှာ အရောင်တွေ ပေါ်လာတာမျိုး နီသွားတာမျိုး အဲ့တာမျိုးတွေ ဖြစ်လာတတ်တယ်။ နေလောင် ဒဏ်တွေ မခံနိုင်တာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့်မို့လို့ ခဏ ခဏ ဆဲလ်သေလေးတွေ ကွာအောင် မလုပ်သင့်ပါဘူး။

မေး ။ အသက် ၄၀ ကျော် အမျိုးသမီးတွေမှာ တင်းတိပ် ထွက်ပေါ်လာတဲ့ ပြဿနာ လိမ်းဆေးရှိမယ်ဆိုရင် ဘယ်လို အန္တရာယ်ကင်းတဲ့ လိမ်းဆေးမျိုး ရှိရင် ညွှန်ကြားပေးပါဦး။ဖြေ ။ တင်းတိပ်က ထပ်မဖြစ်အောင် အရင် ကာကွယ်သင့်တယ်။ သူက ဖြစ်စ ရှိတဲ့လူက ဖြစ်တတ်တယ်ပေါ့နော်။ အဲ့တော့ တင်းတိတ်က ဘာကြောင့်ဖြစ်လဲဆိုရင် ဗီဇကြောင့်ဖြစ်တယ်။ နေရောင်ကြောင့် အဓိက ဖြစ်တယ်။ နောက် အရေပြားထိန်းပစ္စည်းတွေ အရေပြားကို ပွတ်တိုက်စားတာမျိုးတွေ အများကြီးသုံးလိုက်လို့ နေပူခံလိုက်တာမျိုးဆိုရင် တင်းတိပ်ထွက်တယ်။ ကိုယ်ဝန်ဆောင်တဲ့ အချိန်မျိုးဆိုရင်လည်း တင်းတိပ်က ပိုဆိုးတတ်တယ်။ နောက်ပြီးတော့ ဟော်မုန်းဆေးတွေသောက်တာပေါ့ ကလေးတားဆေးတွေ သောက်ရင် ပိုဆိုးတာဆိုတော့ တင်းတိပ်လေး နည်းနည်းဖြစ်တာနဲ့ ရှောင်ကျဉ်သင့်တယ်ပေါ့။ ဘယ်တင်းတိပ်ပျောက်ဆေးကမှတော့ ၁၀၀% ပျောက်တယ်ဆိုတာ မရှိဘူး။ တင်းတိပ်ပျောက်ဆေး တော်တော်များများက ဆေးသုံးလိုက်ပြီဆိုတာနဲ့ အရေပြားပါးစေ၊ စားစေတယ်။ နေပူဒဏ်ကို မခံနိုင်ဘူးဆိုတာကို သတိထားရမယ်။ အထူးသဖြင့် ဆောင်းတွင်းလိုဟာမျိုးသတိထားရမယ်။ ဒါကြောင့်မို့လို့ တင်းတိပ်ပျောက်ဆေးဟာ Adjust အရမ်းလုပ်ရတယ်။ တောက်လျောက်လိမ်းဖို့ ပေးလို့ မရဘူး။ ပိုမဆိုးအောင် အရင်ကာကွယ်ထားရမယ်။ တစ်ကယ်လို့ ဆက်ရှိနေမယ်ဆိုလို့ရှိရင် နီးစပ်ရာ အရေပြားအထူးကု ဆရာဝန်ဆီမှာ ပြသသင့်ပါတယ်။မေး ။ မျက်နှာမှာ နေလောင်ကွက်၊ အမဲကွက်တွေကို ဘယ်လိုသက်သာအောင် လုပ်သင့်ပါသလဲခင်ဗျ။ဖြေ ။ နေလောင်ကွက်နဲ့ အမဲကွက်ကို ဆရာမတို့ အခေါ်အဝေါ်အရ တင်းတိတ် လို့ခေါ်မှာပေါ့။ တင်းတိတ်က နေရောင်ကြောင့် ဖြစ်တတ်တယ်။ ဒါကြောင့်မို့ တတ်နိုင်ရင် နေရောင်ရှောင်စေချင်တယ်။ မျက်နှာကို ပွတ်တိုက်စားစေမယ့် Skin Cares တွေ မသုံးဘဲ၊ နေပူဒဏ်ကို ရှောင်သင့်ပါတယ်။ နီးစပ်ရာ အရေပြား အထူးကုဆရာဝန်နဲ့ ပြသပြီး သင့်တော်ရာ ဆေးလေးတွေကို လိမ်းပြီးတော့ ထိန်းထားသင့်တယ်လို့ ဆရာမအကြံပြုပါတယ်။

အပိုင်း (၂) ဆက်လက်တင်ဆက်ပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly