ပုံစံ(၇)အမည်ပေါက် မရှိသူ မိသားစုဝင်များ ဘဏ်ချေးငွေရရန် ခက်ခဲနေ

ပုံစံ(၇)အမည်ပေါက် မရှိသူ မိသားစုဝင်များ ဘဏ်ချေးငွေရရန် ခက်ခဲနေ

မုံရွာ၊ ဇူလိုင် ၄။        ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများတွင် ပုံစံ(၇)မရှိသော မိသားစုဝင်များအတွက် ဘဏ်ချေးငွေရရှိရန် အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း ကနီမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ပုံစံ (၇)အမည်ပေါက် လုပ်ဆောင်ထားသော အိမ်ထောင်ဦးစီးမှာ ကွယ်လွန်သွားချိန်တွင် ကျန်ရစ်သူမိသားစုမှာ ပုံစံ(၇) အမည်ပေါက် လုပ်ဆောင်ထားခြင်းမရှိသည့်အတွက် ဘဏ်ချေးငွေ ရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။

" ၂၀၁၆ခုနှစ်က ပုံစံ(၇)အမည်ပေါက် အိမ်ထောင်ဦးစီး ကွယ်လွန်သွားချိန်မှာ မိသားစုဟာ ဘဏ်ချေးငွေ ထုတ်ယူကြရပါတယ်။ ယခုအခါမှာတော့ စိုက်ပျိုးရေးဘဏ်ရဲ့ ညွှန်းစာအရ ပုံစံ(၇) အမည်ပေါက်မဟုတ်တဲ့ ကျန်ရစ်သူမိသားစုမှာ ချေးငွေထုတ်ယူဖို့ အခက်အခဲဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ တောင်သူတွေအနေနဲ့ သီးနှံစိုက်ပျိုးချိန် နောက်ကျ နေပါပြီ။" ဟု ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

မြန်မာ့စိုက်ပျိုးရေးဘဏ်မှ ညွှန်းစာအပိုဒ် (၈)၊ ဘဏ်ချေးငွေစာချုပ် အပိုဒ်(၁၁)တွင် ပုံစံ(၇) အမည်ပေါက်သူမှ သာ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေ ရရှိမည်ဖြစ်သည်ဟု ဖော်ပြထားကြောင်း ၎င်းကဆက်ပြောသည်။

ယင်းအခြေအနေကို တောင်သူများမှ တင်ပြသဖြင့် ကနီမြို့နယ်အတွက်း စာရင်း ကောက်ယုခဲ့ရာ ပုံစံ(၇)အမည်ပေါက်ပြီးမှ သေဆုံးသူ (၄၅၀)ဦး၊ ရေကြီးပျောက်ဆုံးသူ (၁)ဦး၊ရှိပြီး ၎င်းတို့၏ လယ်မြေ(၈၀၂ ဒသမ ၁၈) ဧက၊ ယာမြေ (၂၂၁၆ ဒသမ ၁၃)ဧက၊ ကိုင်းမြေ (၆၂ ဒသမ ၁၆)ဧက၊ စုစုပေါင်း (၃၀၈၀ ဒသမ ၅၇)ဧက တို့မှာ စိုက်ပျိုးရန်အတွက် ချေးငွေမရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သိရသည်။

"အခု အခြေအနေက ကနီမြို့နယ် တစ်ခုတည်းတင် ဖြစ်ပွားနေတာ မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးမှာရှိတဲ့ ထောင်သောင်းချီတဲ့ တောင်သူတွေမှာ အခက်အခဲတွေဖြစ်ပေါ်နေတာပါ။ ဒါ့ကြောင့် ပုံစံ(၇)အမည်ပေါက်သူ သေဆုံးသွားခဲ့တဲ့ ကျန်ရစ်သူမိသားစုအတွက် ချေးငွေတွေကို အများနည်းတူအမြန်ရရှိဖို့ လိုအပ်နေပါတယ်" ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

ယင်းသို့ ပုံစံ(၇) အမည်ပေါက်သူ သေဆုံးခဲ့ပါက အမွေစားအမွေခံဖြစ်ခြင်း၊ နှစိစဉ်ဘဏ်ချေးငွေ အချိန်မှီဆပ်ခြင်း၊ မြေယာအရှုပ်အရှင်းမရှိခြင်းတို့အား မှန်ကန်စွာဆုံးဖြတ်၍ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ချေးငွေစိစစ်ဆေးအဖွဲ့အတွင်းအရေးမှူးတို့၏ ဝိုင်းကြီးချုပ်အာမခံစနစ်ဖြင့် အချိန်မှီ အများနည်းတူ အမြန်ဆုံးရရှိစေရန် ဆောင်ရွက်ပေးလျှက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly