ငွေချေးလိုသည့် နိုင်ငံ့ဝန်ထမ်းများ ချေးငွေလျှောက်လွှာ အလုအယက် ဝယ်ယူနေကြရ

ငွေချေးလိုသည့် နိုင်ငံ့ဝန်ထမ်းများ ချေးငွေလျှောက်လွှာ အလုအယက် ဝယ်ယူနေကြရ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်(SMIDB)တွင် လွန်ခဲ့သည့် တစ်လခန့်ကတည်းက နိုင်ငံ့ဝန်ထမ်းများကို လစာ၏ ၃ဆအား ငွေထုတ်ချေးပေးရာ တစ်လခန့်ကြာလာသည့် ယနေ့အချိန်ထိ ငွေချေးယူလိုသည့် ဝန်ထမ်းဦးရေ နှစ်ရာခန့်က ဘဏ်တံခါးဖွင့်မည့်အချိန်ကို နံနက် ၈နာရီလောက်ကတည်းက အသီးသီး စောင့်ဆိုင်းနေကြသည်။

ငွေချေးယူလိုသည့် ဝန်ထမ်းများအနေဖြင့် SMIDB ဘဏ်တွင် လျှောက်လွှာတစ်စောင် ငါးရာကျပ်နှုန်းဖြင့် ဝယ်ယူရမည်ဖြစ်ပြီး အထက်လူကြီး ၂ဦး၏ ထောက်ခံချက်ဖြင့် လျှောက်လွှာတင်ကာ ငွေချေးယူရမည်ဖြစ်သည်။

လစာ၏ ၃ဆအား ထုတ်ချေးပေးသောကြောင့် ဥပမာအားဖြင့် လစာ ၂သိန်းခန့်ရရှိသည့် ဝန်ထမ်းတစ်ဦးသည် ချေးငွေ ၆သိန်းခန့် ရရှိမည်ဖြစ်သည်။

အတိုးနှုန်းမှာ ၁ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ပြီး ပြန်ဆပ်ရမည့် သတ်မှတ်ချက်မှာမူ ဥပမာအနေဖြင့် ချေးငွေ ၆သိန်း ထုတ်ချေးထားသည့် ဝန်ထမ်းတစ်ဦးသည် အတိုး ၇၂၀၀၀ ကျသင့်မည်ဖြစ်ပြီး အတိုးအရင်း စုစုပေါင်း ၆၇၂၀၀၀ကို ၁၂လခွဲကာ လစဉ် ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။

နေ့စဉ် ဝန်ထမ်းတစ်ထောင်ခန့်က ချေးငွေ ရယူရန် ဘဏ်သို့ လာရောက်နေကြပြီး ချေးငွေထုတ်ချေးပေးရန် ဆောင်ရွက်ပေးနေရသည့် ဘဏ်ဝန်ထမ်းဦးရေ (၆၀)ခန့်က မနိုင်မနင်းပင် ဖြစ်နေသည်။ ချေးငွေရယူလိုသည့် ဝန်ထမ်းတစ်ဦးဆိုလျှင် ဘဏ်အတွင်း တိုးဝှေ့ရင်း ဘေးလွယ်အိတ်ကြိုး ပြတ်သွားသည့်အနေအထားကိုပင် တွေ့ရသည်။

“လျှောက်လွှာဝယ်ဖို့ ပြီးခဲ့တဲ့ လမကုန်ခင် တနင်္လာနေ့က လာတယ်။ နောက် တနင်္လလာနေ့မှ လာလို့ (ဘဏ်ဝန်ထမ်းက)ပြောတယ်။ မနေ့က တနင်္လာနေ့ လာပြန်တော့လည်း နောက် တနင်္လာနေ့လို့ ပြောပြန်ရော။ လျှောက်ဖို့ Form(လျှောက်လွှာ)ရဖို့က ခက်ခက်ခဲခဲ ဖြစ်နေတယ်” ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးလှမင်းထွန်းက သူ့အတွေ့အကြုံကို ပြောပြသည်။

“တစ်ကယ် ဖြစ်သင့်တာကတော့ ဝန်ကြီးဌာနတွေကို ဒီ Form တွေကို ဖြန့်ပေးလိုက်။ ဖြန့်ပေးလိုက်ရင် ဝန်ကြီးဌာနတွေကနေပြီးတော့ သူ့အဆင့်၊ သူ့အဆင့်နဲ့သွားရင် အခုလို မရှုပ်တော့ဘူး” ဟု ၎င်းက ဆိုသည်။

တစ်ပတ်လျှင် တနင်္လာနှင့် အင်္ဂါ နှစ်ရက်သာ ရောင်းချသော ချေးငွေလျှောက်လွှာကို ဇူလိုင် ၄ရက်တွင်မူ “ယနေ့ လျှောက်လွှာ မရောင်းပါ။ ပါဝင်ရမည့် စာရွက်စာတမ်းနှင့် အာမခံသူ (၂)ဦး ပါရှိမှသာ လျှောက်လွှာ ရောင်းပါမည်။ ဘဏ်ခွဲတာဝန်ခံ လက်မှတ်ပါသော လျှောက်လွှာမှသာလျှင် လက်ခံ ဆောင်ရွက်ပေးမည်” ဟု ဘဏ်တာဝန်ရှိသူများက စာဖြင့်ရေးသားပြီး ကြေငြာခဲ့သည်။

“ခန နားထားတယ်ဆိုတာက အထဲမှာ အရင်နေ့က ကျန်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှိသေးတယ်။ တစ်နေ့တစ်နေ့ လျှောက်လွှာပေါင်း တစ်ထောင်လောက်ကို ဖြေရှင်းပေးနေရတဲ့အတွက် မှားမှာစိုလို့ အထူးသဖြင့် ငွေရေးကြေးရေးနဲ့ စာရွက်စာတမ်းနဲ့ လုပ်ရတဲ့အခါကျတော့ မှားမှာစိုးလို့ လျှောက်လွှာရောင်းတာကို ခနထိန်းလိုက်တာပါ။ အားလုံးကို ရောင်းပေးမှာပါ” ဟု SMIDB ၏ စီအီးအိုဖြစ်သူ ဦးဇေယျာညွှန့်က ပြောသည်။

အချိန်နှင့် လူဦးရေ ကန့်သတ်မထားဘဲ ချေးငွေရယူလိုသည့် မည်သည့် နိုင်ငံ့ဝန်ထမ်းကိုမဆို ထုတ်ချေးပေးမည်ဟု ဦးဇေယျာညွှန့်က ဆိုသည်။

“မိသားစုတွေ စားဝတ်နေရေး ပြေလည်အောင် လက်ရှိမှာ ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ ဝန်ထမ်းတွေကို ပထမဆုံး လစာရဲ့ ၂လစာကို ထုတ်ချေးတယ်။ ၂လစာက နည်းတယ်ဆိုလို့ အခုက ၃လစာကို ထုတ်ချေးပေးပါတယ်” ဟု ချေးငွေ ထုတ်ချေးပေးရသည့် ရည်ရွယ်ချက်ကို ၎င်းက ပြောသည်။

လျှောက်လွှာ ရောင်းချမှုနှင့်ပတ်သက်ပြီး ဘဏ်ဝန်ထမ်းများက အဂတိလိုက်စားမှုတစ်စုံတစ်ရာရှိပါက ကိုယ်တိုင် အရေးယူမည်ဖြစ်ကာ ၀၁-၂၃၀၂၃၄၀ သို့ ဆက်သွယ်အကြောင်းကြားနိုင်သည်ဟုလည်း ဦးဇေယျာညွှန့်က ပြောဆိုသည်။

ဇွန်လ ၆ရက်မှ ယနေ့ ဇူလိုင် ၄ရက်အထိ နိုင်ငံ့ဝန်ထမ်းဦးရေ တစ်သောင်းကျော်ကို ကျပ်သန်းပေါင်း ၃ထောင်ခန့် ထုတ်ချေးထားပြီးဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags