Billboard အယ်လ်ဘမ် ၂၀၀ ဇယားတွင် DJ Khaled ၏ Grateful အယ်လ်ဘမ် ထိပ်ဆုံးမှဦးဆောင်

Billboard အယ်လ်ဘမ် ၂၀၀ ဇယားတွင် DJ Khaled ၏ Grateful အယ်လ်ဘမ် ထိပ်ဆုံးမှဦးဆောင်

နာမည်ကျော်အဆိုတော်များစွာ ပါဝင်သီဆိုထားသည့် ဂီတဖန်တီးရှင် DJ Khaled ၏ နောက်ဆုံးထွက်ရှိထား သော Grateful ဟု အမည်ပေးထားသည့် တေးအယ်လ်ဘမ်သည် အမေရိကန် Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားတွင် ထိပ်ဆုံးမှရပ်တည်နေသည်။

ဘီယွန်းစေးနှင့် ဂျေဇီတို့ ပါဝင်သီဆိုထားသော “Shining” သီချင်းနှင့်၊ ဂျက်စတင်ဘီဘာ ပါဝင်သီဆိုထားသော  “I'm the One" သီချင်းတို့ပါဝင်သည့် Grateful အယ်လ်ဘမ်သည် ပွဲဦးထွက်တွင် အချပ်ရေ ၁၄၉၀၀၀ခန့် ရောင်းချနိုင်ခဲ့ကြောင်း Nielsen SoundScan ၏ အဆိုအရ သိရသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။

Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၏ ထိပ်ဆုံးဆယ်နေရာအတွင်းသို့ ဝင်ရောက်လာခဲ့သော သီချင်းခွေသစ်များမှာ ဒုတိယနေရာတွင် ရပ်တည်နေသော ရော့ခ်ဂီတအဖွဲ့ Imagine Dragon ၏ သီချင်းခွေသစ် "Evolve" ဖြစ်ပြီး ပေါ့ပ်ကြယ်ပွင့် Prince ၏ ပြန်လည်ထုတ်ဝေသော သီချင်းခွေ"Purple Rain" က နံပါတ် ၄ နေရာတွင် ရပ်တည်နေသည်။

ပြီးခဲ့သောအပတ်က ဇယား၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့သော Lorde ၏ သီချင်းခွေသစ် "Melodrama" မှာ ယခုအပတ်တွင် နံပါတ် ၁၃ နေရာအထိ ကျဆင်းသွားခဲ့သည်။

အွန်လိုင်းမှရောင်းချနိုင်မှုကို ရေတွက်သော ဒစ်ဂျစ်တယ်သီချင်းဇယားတွင် ပွေတိုရီကိုအဆိုတော် လူဝဇ်ဖွန်စီ နှင့် ဂျက်စတင်ဘီဘာတို့ တွဲဖက်သီဆိုထားသော Despacito သီချင်းက စုစုပေါင်း ၁၃၆၀၀၀ ခန့် ထပ်မံရောင်း ချ နိုင်ခဲ့ပြီး နံပါတ်တစ်နေရာမှ ဦးဆောင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly