သံပရာသီးစိုက်ပျိုးနည်းအဆင့်ဆင့် အပိုင်း (၁)

03 July 2017
သံပရာသီးစိုက်ပျိုးနည်းအဆင့်ဆင့် အပိုင်း (၁)

သံပရာပင်ရဲ့မူရင်းဒေသကတော့ မလေးရှားနိုင်ငံကပဲဖြစ်ပါတယ်။ သံပရာပင်ကိုတော့ အစေ့ကနေ တိုက်ရိုက်ချ စိုက်ပျိုးနိုင်သလို ကိုင်းကူးကိုင်းဆက်ပြီးတော့လည်း စိုက်ပျိုးနိုင်ပါတယ်။ 

နွေရာသီမှာရေလောင်းခြင်း၊ ရေသွင်းခြင်းမပြုလုပ်နိုင်ပါက အစေ့ကိုစိုက်တာဟာ အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ ဒါ့အပြင် မြေသားထူတဲ့မြေမျိုးနဲ့ မိုးနဲဒေသတွေမှာလည်း အစေ့ကိုသာစိုက်ပျိုးသင့်ပါတယ်။ နွေရာသီမှာ ရေလောင်းရေသွင်းခြင်းပြုလုပ်နိုင်ရင်တော့ ကိုင်းကူးကိုင်းဆက်အပင်များကို စိုက်ပျိုးနိုင်ပါတယ်။ အစေ့ကနေပျိုးထောင်စိုက်ပျိုးမယ်ဆိုရင်တော့ ပျိုးဘောင်၊ ပျိုးသေတ္တာတွေမှာ အစေ့ကနေ လတ်လတ်ဆတ်ဆတ်ရတဲ့ အစေ့တွေကိုထုတ်ယူပြီး မျိုးစေ့ချပျိုးထားပေးရမှာဖြစ်ပါတယ်။ ပျိုးတန်းတစ်တန်းနဲ့ တစ်တန်းကိုတော့ ၃ လက်မခြားပြီး တစေ့နဲ့တစေ့ကိုတော့ ၂လက်မခန့်ခြားထားပေးရမှာ ဖြစ်ပါတယ်။ 

အပင်ပေါက်လေးများက  ၃ လက်မခန့်မြင့်လာပြီဆိုရင်တော့ ဒုတိယပျိုးခင်းကို ပြောင်းရွှေ့ပေးရမှာဖြစ်ပြီး တစ်နှစ်ခန့်အကြာမှာ စိုက်ခင်းကို ပြောင်းရွှ့စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ ကိုင်းကူးကိုင်းဆက်အောင်မြင်ပြီးသားကိုင်းတွေကိုတော့ ပျိုးထုတ်ထဲမှာ ၃လ သို့မဟုတ် ၄လအထိ ပျိုးထောင်ထားပြီးမှ စိုက်ခင်းကိုရွှေ့ပြောင်းစိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ စိုက်ခင်းမှာတော့ တစ်ပင်ကို ၈ပေခန့်ခြားထားပေးရမှာဖြစ်ပြီး တြိဂံပုံစနစ်နဲ့စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

ပေါင်းမြက်များကို ရှင်းလင်းပေးခြင်း၊ ရေသွင်းပေးခြင်း၊ အစိုဓတ်မပျက်အောင် အပင်ရင်းကို ကောက်ရိုး၊ မြက်ခြောက်များနဲ့ ဖုံးအုပ်ထားပေးရပါမယ်။ သဘာဝမြေသြဇာ၊ ဓတ်မြေသြဇာတို့ကို ၁ နှစ် ၂ကြိမ်ခန့် ကျွေးပေးရမှာဖြစ်ပါတယ်။ ကိုင်းကူးကိုင်းဆက်အပင်များရဲ့ ပတ်လည်ကို မြေဝိုင်းများတူးပြီး ရေသွင်းရေလောင်းခြင်း၊ ကိုင်းသိမ်ကိုင်းခြောက်များကို ရှင်းလင်းပေးခြင်း စတာတွေပြုလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly