ရေပူတွင် ဖမ်းဆီးရရှိမှု ခြောက်လအတွင်း ကျပ်သိန်းပေါင်း ၆၉,ဝဝဝ ကျော်ထိ ရှိလာ

ရေပူတွင် ဖမ်းဆီးရရှိမှု ခြောက်လအတွင်း ကျပ်သိန်းပေါင်း ၆၉,ဝဝဝ ကျော်ထိ ရှိလာ
ဓာတ်ပုံ- ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ဇူလိုင်လ၊ ၃ ။               ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူဂိတ်မှ ဖြတ်သန်းသွားလာနေသော ယာဉ်များမှ အခွန်မဲ့ ကုန်ပစ္စည်းများအား ဖမ်းဆီးရမိမှုမှာ ခြောက်လအတွင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၆၉,ဝဝဝ ကျော် ထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း ၆၉,ဝဝဝ ကျော် ( ၆,၉၈ဝ,၉၅၁,၅၃၃ )မှာ ဇန်နဝါရီလ၊ ၁၆ ရက်မှ ဇွန်လ ၂၇ ရက်အတွင်း တရားမဝင် တင်ဆောင်လာသည့် ကျောက်စိမ်း၊ သစ်၊ မူးယစ်ဆေးဝါးများ၊ အရည်အသွေးမမှီသည့် စားသုံးကုန်ပစ္စည်းများ၊ ဖမ်းဆီးရမိသည့် ပမာဏဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိပစ္စည်းများကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးခဲ့သည်ဟု ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ် တာဝန်ခံ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန် ကြားရေးမှူး ဦးတက်ထွန်းအောင်က မဇ္ဈိမသို့ ပြောသည်။

“ဒါတွေက ကျွန်တော်တို့ဆီမှာ ဖမ်းဆီးရမိတဲ့ ခန့်မှန်းတန်ဖိုးသာဖြစ်တယ်။ ဖမ်းဆီးရမိခဲ့တဲ့ပစ္စည်းတွေကို အကောက်ခွန်အပ်တာတွေရှိပါတယ်။ ပြီးတော့ သစ်တော၊ မူးယစ်ကို အပ်တာတွေရှိပါတယ်ဗျ။ သူတို့က သူ့ ဥပဒေနဲ့ သူဆက်လုပ်ပါတယ်။ သစ်တွေ၊ ကျောက်စိမ်းတွေကို သူတို့ လေလံပစ်ပါမယ်။ ရေပူစစ်ဆေးရေးစခန်း အနေနဲ့ကတော့ ဖမ်းဖို့ တာဝန်ပဲရှိပါတယ်ဗျ”ဟု ဦးတက်ထွန်းအောင်က   ပြောသည်။

တရားမဝင်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီ သည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ စစ်ဆေးဖမ်းဆီးခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required