လေးလောင်းပြိုင် လူသတ်မှုမှ သေဆုံးသူ မချယ်ရီပွင့်၏ မိခင် ဒေါ်ရီရီနွဲ့နှင့် တွေ့ဆုံခြင်း

လေးလောင်းပြိုင် လူသတ်မှုမှ သေဆုံးသူ မချယ်ရီပွင့်၏ မိခင် ဒေါ်ရီရီနွဲ့နှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ ဇူလိုင် ၂ ။           ။ မင်္ဂလာဒုံမြို့နယ်မှ လေးလောင်းပြိုင်လူသတ်မှုုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဇွန်လ ၃ဝ ရက်နေ့က ထုတ်ပြန်ချက်အပေါ် သေဆုံးသူ မချယ်ရီပွင့်၏ မိခင် ဒေါ်ရီရီနွဲ့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော (၄)လောင်းပြိုင်လူသတ်မှု စစ်ဆေးတွေ့ရှိမှု အခြေအနေများကို မှုခင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ရာ “ သေဆုံးသူ စိုးနောင်၏ ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန်လန့်ပုံ ဓားထိုးသွင်း ဒဏ်ရာ(၄)ချက် သည်လည်း သေဆုံးသူအနေဖြင့် စိတ်အခြေအနေမှာ ပုံမှန်မဟုတ်သော စိတ်ခံစားမှုမျိုး ဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးမှ အတည်ပြုပြောကြားခဲ့သည့်အပြင် အလားတူ အခြားသာဓက ဖြစ်စဉ် မှုခင်းများလည်းရှိကြောင်း စိစစ်တွေ့ရှိရပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းသာလမ်း၊ အမှတ် (မရှိ)တွင် မိသားစု ၄ ဦးနေအိမ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မချယ်ရီပွင့်၏ မိခင် ဒေါ်ရီရီနွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 မေး။ သတင်းထုတ်ပြန်ချက်အပေါ်ဘယ်လိုပြောချင်လဲ။

ဖြေ။ ပြောချင်တာကတော့ ဒီအမှုကသူတို့မေးထားတာတော့ တော်တော်ကြာပြီလေ ။ ဒါပေမယ့်လေးငါးလရှိပြီ သူတို့နဲ့အန်တီနဲ့အဆက်အသွယ်ပြတ်နေတာ လှမ်းလှမ်းပြီးပြောတယ် သုံးယောက်မိပြီလား အန်တီမိတော့မှာမိတော့မှာပဲပြောတော့ တစ်နေ့ကတီဗီတွေလာတယ်တဲ့ ၊ မကြည့်ဘူးလားတဲ့အမျိုးတွေကဖုန်းဆက်တော့ မကြည့်မိဘူး။ နောက်နေ့ကျရင်သတင်းကြည့်လိုက်ဦးတဲ့ ။ သတင်းစာဝယ်ဖတ်တော့ ငါတောင်မသိဘူးလို့ဒီကိစ္စတွေ ကြီးကြီးကိုလည်း မပြောဘူး သူတို့တင်လိုက်တာ ။

မေး။ ထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေက မိသားစုဝင်တွေ သိတာနဲ့ ကွဲလွဲချက်ရှိပါသလား။

ဖြေ။ ကွဲလွဲချက်ဆိုတာ သမီးက အရက်မသောက်ဘူး။ကျောင်း နောက်ဆုံးနှစ်တက်နေတာ။ ဝိုင်တွေ ဝယ်ထားတယ်ဆိုတာကလည်း ကြီးကြီး ဘုရားကနေပြန်လာတော့ မေမြို့ကနေဝယ်လာတာလေ။ ၁၆ရက်နေ့ ပြန်ရောက်တယ်။ ပြန်ရောက်ပြီး အဲ့ပုလင်းတွေ အဲဒီထဲထည့်ထားတာ ။ သူစနေ၊တနင်္ဂနွေ ဒီမှာလာပို့ဖို့ တူတွေအတွက်ဝယ်ထားတာ။

မေး။ သေဆုံးသူက ကိုယ့်သားသမီးတွေကိုပါ သတ်သွားတယ်ပေါ့ အရင်ကမိသားစုပြဿနာတွေ ရှိလား။ (MZM)

ဖြေ။ မိသားစုကတော့ လူတိုင်းလူတိုင်းမှာ မိသားစုပြဿနာတော့ရှိကြတာပဲ ။ ဒါပေမယ့် သားသမီးကိုမိဘကတော့ အဲဒီလိုပြန်သတ်လိမ့်မယ်လို့မထင်ဘူး ။ မလုပ်လည်းမလုပ်နိုင်ဘူးဆိုတာ ကိုယ့်ရှေ့မှာချစ်နေကြတာပဲ ။ ချစ်နေတာကိုယ်တွေက ပီတီတွေဖြစ်နေတာပဲ ။ အဲဒီလိုတော့မထင်ဘူး ။ မလုပ်နိုင်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ သူလည်းမရူးဘူး ။ ဘာမှမဖြစ်ဘူး ။ စီးပွားရေးဆိုတာ သူများတွေဒီထက်ဒုက္ခရောက်နေတာရှိတယ် ကိုယ်တွေ အဲဒီလောက်ထိ ဒုက္ခမရောက်ဘူး။

မေး။ အကြွေး  ၂၇သိန်း ရှိတယ်ဆိုတာကိုရော ဘာပြောချင်ပါသလဲ။

ဖြေ။ အဲဒီအကြွေးကိစ္စကတော့ မသေခင်က ကလေးတွေကပြောတယ် ။ ဦးမိုးကြီးဒိုင်ကို အကြွေးပေးစရာရှိတယ်ဆိုတော့ နင်တို့ ဘယ်လောက်ပေးစရာရှိလို့လဲ ငါ့ကိုပြောဆိုတော့ မဟုတ်ဘူး ။ အဲဒါဆိုရင် ရွှေနံသာကဆိုင်ခန်းတို့ အင်းတိုင်မှာဝယ်ထားတဲ့ဟာတွေ ပေါင်းပြီးတော့ပေးလိုက်ပါလားလို့ မဟုတ်ဘူးတဲ့ သမီးက ထပြောတယ်။ အပေါက်ဆိုးတယ် မေကြီးတဲ့။ အမေကလူကြီးဆိုတော့လူကြီးလိုပဲအေးဆေးသွားပြောမယ်ပေါ့နော် ။ ဒီဆိုင်ခန်းလေးယူထားပါ ။ သူတို့ စနေ၊ တနင်္ဂနွေ Practical လုပ်ရမယ်လို့ ပြောတယ် ။ စနေ၊ တနင်္ဂနွေပြီးရင် လကုန်ပြီး စာမေးပွဲဖြေရမှာဆိုတော့ အဲဒါဆိုလည်း အမေ သွားပြောလိုက်မယ်။ သမီးပြီးတော့မှ အဲဒီလိုမျိုးပြောထားတာ ပြောထားတုန်းရှိသေးတယ် ။ အဲဒါဆိုရင် အမေ ဘုရားလေး သွားပို့လိုက်ဦးမယ်။ အိမ်မှာ စီးပွားရေးဘာညာဆိုတာလေ။  ဘုရားတွေက ရှေ့ရော၊နောက်ရော ကွဲနေတော့ ဒီဘုရားရွှေချဖို့ အမေသွားပို့လိုက်ဦးမယ် စောစောပြန်လာခဲ့မယ်ဆိုပြီး ပြောပြီး မနက်မိုးလင်းတော့သွားတာ အမေစောစောပြန်လာဆိုတော့ ၆နာရီ ၁၅ ရောက်တယ် ။ အဲဒီ ၆ နာရီ ၁၅ မှာ မနိုးကြသေးဘူးလို့ သူတို့ဘာများဖြစ်လို့ ညကများ ရုပ်ရှင်များ ကြည့်ကြလား ဘာလား ။ အန်တီက အိမ်ရှေ့ကအဖိုးကြီးတွေဆီက ရေနွေးသောက် အဲဒီမှာကွမ်းဝယ်။ ကွမ်းယာဝယ်ပြီးပြန်လှည့်လာတော့ အိမ်တံခါးကို ထုနေတာပဲ ။ ထုနေလည်းမနိုးဘူး။

အိမ်တံခါးဖွင့်တာက နှစ်ယောက်လာတာ ဟဲ့သမီးတက်တက်လား တက်တက်တယ်ရွာမှာဆိုမန်းကျည်းပင်တို့တက်နေကျ အဲဒါဆိုတက်စမ်းဆိုပြီး ကိုယ်ကသူ့အရင်တက်ခိုင်းလိုက်တယ် တက်ခိုင်းပြီးခေါင်းရင်းကနေသွား အဲဒီအပေါ်မှာ အင်တင်နာကြိုးရှိတယ် ။ အဲဒီအပေါ်ကနေ ခုန်တက်လို့ အဲဒါနဲ့သူဝင်တော့ မိန်းမကြီးတစ်ယောက်ဆုံးနေတယ် သေနေပါတယ်ဆိုတော့ ဟာမဖြစ်နိုင်ဘူး အဲဒါတော့မဖြစ်နိုင်ဘူးပေါ့။ အကုန်လုံးသေနေပြီဆိုတော့ အဲဒီမှာစိတ်ပူပြီးတော့ ဝင်တာ အရင်ဆုံးတွေ့တာ သမီး။  ဟယ်ငါ့မြေးတွေအိပ်နေလားဆိုပြီး ခြင်ထောင်လှန်လိုက်တော့ မြေးလေး။ ပြီးတော့တစ်ခါ အပြင်ပြန်လှည့်ကြည့်တော့ မြေးနဲ့သူ့အဖေနဲ့ အဲဒီလိုဖြစ်တာ။

မေး။ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင် သူတို့က DNA စစ်ဆေးတာတွေ သက်သေရှာဖွေပြီးတွေ့ရှိတာတွေအားလုံးပေါင်းပြီးတော့ ထုတ်ပြန်လိုက်တာပေါ့ ။ ဒီအပေါ်မှာရော အန်တီအနေနဲ့ ယုံကြည်လား ။

ဖြေ။ ဘယ်လိုယုံကြည်လဲဆိုတော့ သူတို့လက်ထဲမှာ လေသားရယ် ။ ကိုယ်တွေက ရဲလည်းမဟုတ်ဘူး ဘာမှမဟုတ်တော့ သူတို့လုပ်သမျှပေါ့ ။ လုပ်သမျှဆိုပေမယ့်အန်တီကတော့ မကျေနပ်သေးဘူးဆိုတာ ဒီသုံးယောက်ကိုမမိတဲ့အတွက် မကျေနပ်ဘူး။ အဲဒီသုံးယောက်မိပြီဆိုရင်တစ်မျိုးပေါ့။ မမိသေးဘဲနဲ့ ထုတ်ပြန်ကြေညာလိုက်တော့ တကယ်လို့ အဲဒီလူတွေပြန်လာပါပြီတဲ့။ အန်တီပဲ ရှိတာ။ အဲဒီမှာသွား သွားအိပ်တယ်လေ။ အကြွင်းအကျန်တော့ ရှိဦးမှာပေါ့။ သူတို့ကိုပဲမယုံတာ ။ ကျန်တာကတော့ လူကြီးပိုင်းတွေလုပ်တာဆိုတော့ ဘာမှမပြောလိုတော့ပါဘူး။ သုံးယောက်ကို မိစေချင်တာပဲ ရှိတယ်။ ဒီဟာကို ထုတ်ပြန်စေချင်တယ် ။ မမိသေးဘဲနဲ့ထုတ်ပြန်လိုက်တော့ ကြီးကြီးအနေနဲ့ စိတ်လည်းမကောင်းဘူး။ ကလေးတွေအပေါ်မှာလည်း ကျောင်းတက်တယ်ဆိုတော့ အရမ်းသတိရတယ်လေ။ ဒါပေမယ့် သူ့ကံတရားလို့ပဲ သဘောထားပါတယ် ။ ဒါပေမယ့် လူကြီးတွေကိုပြောချင်တာပေါ့ ။ ဒီလူသုံးယောက်ကို ဖော်ထုတ်ပေးဖို့ပဲ အမှုမှန်ပေါ့။ ဖြစ်စေချင်တာပဲရှိတယ်။

မေး။ ခြေထောက်မှာအကြွေးစာရင်းရေးထားတာတို့ ကမ္ဘီရစာအုပ်တွေဖတ်တာတို့ အဲဒီလို ပြောဆိုထားတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။ ဂမ္ဘီရဆိုတာ သူ(မချယ်ရီပွင့်) အားပေးတာပဲရှိတယ် ။ အိမ်မှာမဖတ်ဘူး အထဲထဲထည့်ထည့်ထားတယ် လမ်းထိပ်မှာရောင်းတယ် ပထမကိုယ်တွေဖတ်ကြည့်လိုက်တော့ ဒါမကောင်းဘူးဆိုပြီး ကလေးတွေလည်းရှိတယ်လေ ။ အားပေးတယ် တစ်လတစ်အုပ်ထုတ်တယ် ။ နှစ်လတစ်ခါထုတ်တယ်ဆို ဝယ်ပေးပြီးအားပေးတာပဲရှိတယ်။ အဲဒီကလေးတွေကဘာမှလည်းမဖတ်ဘူး တစ်ခုတော့ဖတ်တယ် နှစ်ဆယ့်လေးပစ္စည်းတို့ အိမ်မှာဘုရားစာအုပ်တွေရှိတယ် ဒါပေမယ့် မင်းသိင်္ခစာအုပ် ဆရာကြီးမင်းသိင်္ခစာအုပ်ဝယ်ထားတာရှိတယ် အဲဒီမင်းသိင်္ခနဲ့ ဗေဒင်တွေဘာတွေတွက် လက်ရှိအဆင်မပြေတဲ့အချိန်ကို သွားတွက်တာရှိတယ် ဒါပဲကျန်တာအဲဒါတွေဖတ်ချိန်လည်းမရှိဘူး။

မေး။ ဖတ်တာက ဘယ်သူဖတ်တာလဲ ။ ကိုစိုးနိုင်ဖတ်တာလား မိသားစုဝင်ထဲက ဘယ်သူဖတ်တာလဲ။

ဖြေ။ ဘယ်သူမှကို မဖတ်ရတာ ဘာလို့လဲဆိုတော့ သူလည်းကျောင်းနဲ့ ၊ ဒီကလေးနှစ်ယောက်နဲ့ အချိန်မပေးနိုင်ဘူးလေ။ နောက် သူ (မချယ်ရီပွင့်)ညကျရင်စာကျက်ရတယ် ။ ဘုရားရှိခိုးတယ် ။ ကလေးနှစ်ယောက်လုံးပါဘုရားရှိခိုးရတာ နောက် သူ့ယောကျာၤးကို ပုတီးစိတ်ခိုင်းတယ် ။သူ့ယောကျာၤးက စိတ်ကိုမဝင်စားတာ။

မေး။ ခြေထောက်မှာ အကြွေးစာရင်း ရေးထားတယ်ဆိုတာရော ။

ဖြေ။ အကြွေးစာရင်းဆိုတာ အန်တီကဦးမိုးကြီးသဲဒိုင်ဆိုတာပဲသိလိုက်တာ အဲဒီလိုမျိုးစာရေးတယ်ဆိုတာ အန်တီက မသိလိုက်ဘူးလေ ။ ဒါပေမယ်လို့ စာရေးထားတယ်ဆိုပြီး လာပြတယ်။ နောက်စုံစမ်းကြည့်တော့ ဒေါ်တင်တင်ငြိမ်းဆိုတာ ဦးမိုးကြီးရဲ့မိန်းမတဲ့ နောက်မိန်းမဆိုလားပေါ့နော် ။ ဒါပေမယ့် သူပေးရမှာက ဆယ့်ခုနှစ်သိန်း ။ အိမ်ဂွန်ဒေါင်းရောင်းပြီးတော့ ထော်လာဂျီလား၊ ဘာလား ရောင်းပြီးတော့ ဆယ်သိန်း အန်တီပေးလိုက်တယ်ဆိုတော့ ခုနှစ်သိန်းကို ၂၇သိန်းလည်း လုပ်ထားသေးတယ် ။ဒီမှာတက်လာတာ သိက္ခာတွေချနေတာ သိက္ခာလည်းကျတယ်လေ ဒီလောက်ပိုက်ဆံနဲ့။

မေး။ မိသားစုမသေဆုံးခင်က မိသားစုရဲ့အခြေအနေလေးကို ပြောပြပေးပါဦး။

ဖြေ။ မိသားစုက ပျော်ရွင်နေတာပဲ။ ရန်ဖြစ်တယ်ဆိုတာမရှိဘူး ။ အန်တီလည်း အမြဲတမ်းရှိတယ် ။ နေ့ည ရှိတယ်။ သူတို့ ပုဂံကို၊ ဘုရားကို သားသားကို လိုက်ပို့တဲ့။ နှစ်ယောက်လုံးက ပုဂံကို ခေါ်ဖို့ရှိတယ်။ ပုပ္ပါးတို့ တစ်နှစ်ကို တစ်ခါသွားတယ်လေ။ အခု မလိုက်ဖြစ်လိုက်ဘူးလေ။

မေး။ လူသုံးယောက်နဲ့ပတ်သက်တဲ့ ဖြစ်စဉ်လေးကို ပြန်ပြောပြပါဦး။

ဖြေ။ ၁၆ ရက်နေ့ပေါ့။ အမေ သတင်းထူးပြစရာရှိလို့တဲ့။ ဟဲ့ ဘာသတင်းလဲ ဆိုတော့ ဖုန်းလေးကိုဖွင့်ပြတယ် ဟိုသုံးယောက်လာသွားတယ်တဲ့။ ဒီမှာ သမီးတို့အိမ်တွေကို ဓာတ်ပုံတွေရိုက်သွားတယ် ။ တောက်လျောက်တဲ့ ။ ဟယ် အဲဒါဆို စိုးနောင် နင်ပြန်မရိုက်ဘူးလားလို့ ထွက်ပြောပါလားလို့ ကျွန်တော်မပြောချင်တော့ဘူး ဆိုတာနဲ့ပဲနေလိုက်တာ ။ အဲ့နောက် ၁၉ရက်နေ့ ဒီလည်းလာရော နောက်နေ့မနက် အဲဒီလိုဖြစ်တာ ရက်ပိုင်းလေးပဲ ။ အဲဒီလူတွေလာတာနဲ့မခြားဘူး ။ အဲဒီကိစ္စကို သုံးယောက်ကို ဖမ်းစေချင်တာပေါ့ ။ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဆိုတာက သူတို့ဖမ်းမှာပဲလေ။ မိအောင်ဖမ်းလို့ရမှာလေ။  အဲဒီလိုမိမှ ထုတ်ပြန်ချက်ထုတ်ရမှာ။ ဒီလူတွေက ဘာမှန်းမှမသိတာ ။ဒီလူတွေလုပ်သလားဆိုတာ သို့လောသို့လောဖြစ်နေတာလေ။ မယုံကြည်ဘူးပေါ့ ။ ဒီသုံးယောက်ကို မယုံဘူး ။သူတို့အဖွဲ့အစည်းတော့ ရှိမှာပဲလေ။

မေး။ အနှစ်ချုပ်အနေနဲ့ ဒီရဲတပ်ဖွဲ့ကထုတ်ပြန်တာကြောင့် သိက္ခာတွေကျဆင်းစေတဲ့ အကြောင်းအရင်းတွေ ပါတယ်လို့ ထင်မြင်ပါသလား။

မေး။  ခံစားရတာပေါ့သားရယ်။ လူတွေလည်း သေသေးတယ်သားရယ် ။ ကျောင်းသားလေးတွေလည်း ပါသေးတယ်။ စာတော်တဲ့ကလေးတွေချည်းပဲ။ သမီးဆိုတာလည်း စာတော်တယ်။ ဘယ်လိုခေါ်မလဲ ။ ဒါကိုမှသိက္ခာချတယ်ဆိုတော့ မိသားစုရဲ့သိက္ခာကို ကိုယ်ချင်းစာကြည့်လေ။ ကိုယ်လည်းသိက္ခာကျတယ်လေ ။သေလည်း သေရသေးတယ် ။ မိသားစုက ရန်ဖြစ်တာတော့ဖြစ်ကြတာပဲ ။ ဒါပေမယ့် အဲဒီလိုမျိုးကြီးတော့ မလုပ်သင့်ဘူးလို့ ထင်တယ် ။ ဒါပေမယ့် အကျိုးအကြောင်းပြောပြီးတော့ ကြီးကြီးရေ ဒီလိုဒီလို ဒါကတော့မဖြစ်နိုင်ဘူးဆို ကြီးကြီးပြောတယ်လေ အဲလိုမေးခွန်းထတင်လိုက်တဲ့အခါကျတော့ သူတို့မိသားစုအနေနဲ့ ကိုယ်ချင်းစာလေ။

မေး။ အဲဒီအပေါ်မှာ အန်တီတို့အနေနဲ့ ဘယ်လိုတုံ့ပြန်သွားမလဲ။

ဖြေ။ လုပ်ဆောင်တာက လုပ်ဆောင်တာပေါ့ ။ ဖြည်းဖြည်းချင်းလုပ်သွားမှာပေါ့ ။ ဒီအမှုဆိုတာ ဆွေးတယ် မရှိပါဘူး။

မေး။ အခုလို ကိုယ်မိသားစုဆုံးရှုံးသွားတဲ့အပေါ် ဘာပြောချင်လဲ ။

ဖြေ။ အမှုမှန်ကတော့ ပေါ်စေချင်တာပေါ့ ။ ကိုယ့်မိသားစုကိုဆိုတော့ အမှုမှန်ပေါ်စေချင်ရုံပဲရှိတယ်။

မေး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုရော သတင်းမီဒီယာကတစ်ဆင့် ဘာများပြောချင်ပါလဲ။

ဖြေ။ သူတို့ကို အမှုမှန် အဖြစ်မှန်တော့ သိစေချင်ပါတယ်။ ဒါပါပဲ။ သူတို့ကိုလည်း အပြစ်မမြင်ပါဘူး ။သူတို့လည်း လိုက်ကြတာပဲလေ အဲဒီလိုမျိုးကြီးတော့ သိက္ခာလည်း မချသင့်ဘူးလို့ ထင်တယ်လေ ။အဲဒါတော့ အန်တီက နည်းနည်းတော့ စိတ်ခုတာပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly