FMI က ၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းခန့်အား အမြတ်ဝေစုခွဲဝေပေးမည်

FMI က ၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းခန့်အား အမြတ်ဝေစုခွဲဝေပေးမည်
Yangon Stock Exange ရုံးဖွင့်ပွဲအခန်းအနားအား ရန်ကုန်မြို့ဆူးလေးလမ်းမနှင့် ကုန်သည်လမ်းထောင့်တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်း ရန်ကနု်စတော့အိပ်ချိန်းရုံးတွင်     ပြုလုပ်နေသည့်မြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-သက်ကို (မဇ္ဈိမ)

ရန်ကုန်၊ဇူလိုင် ၁ ။            ။ ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံးစာရင်းဝင်ကုမ္ပဏီဖြစ်သည့် ပထမမြန်မာ့ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်(FMI) က ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရရှိခဲ့သည့် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းခန့်ကို အမြတ်ဝေစုအဖြစ် ရှယ်ယာရှင်များအား ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

FMI အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စုစုပေါင်းဝင်ငွေ ကျပ် (၁၁၀) ဘီလီယံမှ ၂၀၁၆-၂၀၁၇  ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းဝင်ငွေ ကျပ် ၁၆၁ ဒသမ ၃ ဘီလီယံသို့ တိုးတက်ခဲ့ရာ ကုမ္ပဏီ၏ရှယ်ယာ တစ်စုဝင်ငွေမှာ ၄၀၇ ကျပ်မှ လက်ရှိဘဏ္ဍာနှစ်တွင် ၅၁၈ ကျပ်သို့ ၂၇ ဒသမ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း သိရသည်။

သို့သော် ယခင်နှစ်က ရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ၁၃၅ ကျပ် ထုတ်ပေးခဲ့သော်လည်း ယခု နှစ်အတွက် အမြတ်ဝေစုအား ရှယ်ယာတစ်စုလျှင်  (၁၀၀) ကျပ် နှင့် မူရင်းအစုရှယ်ယာ (၁၀) စုလျှင် အပိုဆု  (Bonus Share ) (၁)စု ထုတ်ပေးသွားမည်ဖြစ်ကြောင်း FMI ကုမ္ပဏီ၏ အမှုဆောင်ဘဏ္ဍာရေး အရာရှိချုပ် ဦးထွန်းထွန်း၏ ပြောကြားချက်အရ  သိရသည်။

ဦးထွန်းထွန်းက " လောလောဆယ် FMI အနေနဲ့ နောင်ဆက်တိုးတက်ဖို့ သုံးစွဲရမယ့် ငွေရယ်၊ ရှယ်ယာရှင်တွေကို ခွဲဝေပေးရမယ့် ငွေရယ်ကို မျှတအောင် ချင့်ချိန်ပြီး ခွဲဝေခြင်း ဖြစ်ပါတယ်" ဟု ရန်ကုန်စတော့ချိန်းတွင် ဇူလိုင်လ ၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါအမြတ်ဝေစုရရှိရန်အတွက် နောက်ဆုံးဝယ်ယူရမည့် ရက်မှာ သြဂုတ်လ ၄ ရက်နေ့ဖြစ်ပြီး အမြတ်ဝေစုခံစားခွင့်ရရှိမည့် အစုရှယ်ယာရှင်အဖြစ် သြဂုတ်လ ၉ ရက်တွင် အတည်ပြုပေးသွားမည်ဖြစ် ကြောင်း FMI က ထုတ်ပြန်ထားသည်။

FMI ကုမ္ပဏီအုပ်စုအနေဖြင့် အဓိကဝင်ငွေကို ရိုးမဘဏ်မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းက ပြောကြားခဲ့ပြီး စုစုပေါင်း ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်း နီးပါးဖြစ်ကြောင်း သိရသည်။

 ယခင်ဘဏ္ဍာနှစ်အတွင်း FMI အုပ်စု၏ အမြတ်ငွေမှာ ကျပ် ၈ ဒသမ ၉  ဘီလီယံမှ လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကျပ် ၁၄ ဒသမ ၉ ဘီလီယံသို့ ၆၇ ဒသမ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း FMI က ထုတ်ပြန်ထားသည်။

FMI ကုမ္ပဏီအုပ်စုအနေဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာဖော်ထုတ်တည်ဆောက်မှု ကဏ္ဍနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ် ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံကဏ္ဍများအား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံလိုချက်များမှာ ကြီးမားသည့် ကွက်လပ်တစ်ခုဖြစ်ရာ ကုမ္ပဏီ အနေဖြင့် စက်မှုဇုန်ဒေသများနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာများတွင်  တည်ဆောက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး  ပြည်တွင်း၊ ပြည်ပမှ မိတ်ဖက်များနှင့် ပူးတွဲဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly