အင်​းယားကန်​ထဲ​ရေနစ်​သူ အ​လောင်​းအား ရန်​ကုန်​​ဆေးရုံကြီးသို့ ပို့​ဆောင်​ထား

အင်​းယားကန်​ထဲ​ရေနစ်​သူ အ​လောင်​းအား ရန်​ကုန်​​ဆေးရုံကြီးသို့ ပို့​ဆောင်​ထား

ရန်ကုန်၊ဇူလိုင်၂ ။          ။ ရန်ကုန်မြို့၊ အင်းယားကန်ဘောင်၌ သူငယ်ချင်းလေးဦး ဝိုင်းဖွဲ့စကားပြောဆိုရာမှ ကိုရဲထက်လင်း၏ ဖိနပ်တစ်ဖက်ရေထဲသို့ပြုတ်ကျ၍ လိုက်လံဆယ်ယူရာ ရေနစ်သေဆုံးမှုတစ်ခု ယမန်နေ့ ဇူလိုင်၁ရက်နေ့ ညနေ ၃နာရီခွဲတွင် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှ ရေနစ်သေဆုံးသူ ကိုရဲထက်လင်း၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ ဇူလိုင်၂ရက် မနက်၉နာရီ၁၀မိနစ်တွင် ပို့ဆောင်ထားသည်ဟု မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်အပြည့်အစုံမှာ ဇူလိုင် ၁ ရက် နာရီခွဲအချိန်တွင် လှိုင်မြို့နယ် အမှတ် ၁၀ ရပ်ကွက် ၊ ရန်ကုန်ပြည်လမ်းဘေး အင်းယားကန်ဘောင်ပေါ်၌ သူငယ်ချင်းလေးဦးထိုင်စကားပြောနေစဉ် အင်းယားကန်ထဲသို့ ကိုရဲထက်လင်း၏ ဖိနပ်ပြုတ်ကျ၍ ဆင်းဆယ်ရာမှ ရေနစ်ခဲ့သည်။

ထို့ကြောင့် ရန်ကုန်မီးသတ်တပ်ဖွဲ့သို့ ၃နာရီခွဲတွင် အကြောင်းကြားခဲ့ပြီး ၃နာရီ ၃၆ မိနစ်၌ ရန်ကုန်အနောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်မှူး ဦးဌေးဝင်းဦးဆောင်၍ ကယ်ဆယ်ရေးအဖွဲ့များ ထွက်ခွာခဲ့သည်။

စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စီး၊ ရာဘာလှေတစ်စီး၊ ကြည့်မြင်တိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် တစ်စီး၊ သက်ကယ်လှေတစ်စီး၊ လှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် တစ်စီး၊ စည်ပင်ရဲမှ speed boat တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့မှ ၂၅ဦး၊ အရန်မီးသတ်တပ်ဖွဲ့မှ ၅ဦး၊ စည်ပင်ရဲ ၅ဦး နှင့်ရှာဖွေခဲ့ရာ ည၈နာရီ ၂၀မိနစ်အချိန် အထိ ရေနစ်သူအား ရှာမတွေ့ခဲ့၍ ရပ်နားခဲ့ရသည်။

ဆက်လက်ပြီး ယနေ့ ဇူလိုင်၂ရက်နေ့၌ ရှာဖွေရာ မနက် ၉နာရီ ၇မိနစ်တွင် ကိုရဲလင်းထက် အသက် ၂၃နှစ် ၊ တောင်ငူ အုပ်တွင်းမြို့နယ် ဥယျာဉ်တောကျေးရွာနေသူ၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ၉ရီ ၁၀မိနစ်တွင် လူနာတင်ယာဉ်တစ်စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required