ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့ အောင်လအန်ဆန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ပြု

ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့ အောင်လအန်ဆန်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ပြု
(ဓာတ်ပုံ- One Championship)

နေပြည်တော်(ဇူလိုင် ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာသူ ကချင်တိုင်းရင်းသား အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုလိုက်သည်။

“ကချင်တိုင်းရင်းသားတစ်ဦးအနေဖြင့် အမိမြေ၌ ကျင်းပပြုလုပ်သည့် LIGHT OF A NATION MMA ပြိုင်တွင်ပွဲ လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ ရုရှနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်အား မြန်မာစိတ်ဖြင့် အောင်မြင်စွာ ယှဉ်ပြိုင်ထိုးသတ်ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့သည့် အောင်လအန်ဆန်အတွက် အတိုင်းအဆမရှိ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဦးစွာ ပြောကြားလိုပါသည်” ဟု ဗိုလ်ချုပ်မှူးကြီး၏ ဂုဏ်ပြုလွှာတွင် ဖော်ပြထားသည်။

ယှဉ်ပြိုင်ဖက်အား ဇွဲ၊ သတ္တိ၊ အားမာန်အပြည့်အတို့ဖြင့် ရဲရဲဝံ့ဝံ့ယှဉ်ပြိုင်၍ မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို ထုတ်ဖော်ပြသပြီး MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကြီးအား ထိုက်တန်စွာ ရယူနိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများက လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်ဟုလည်း ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဂုဏ်ပြုလွှာတွင် ပါရှိသည်။

အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ကျင်းပသည့် MMA ပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးသည့် ကမ္ဘာ့ချန်ပီယံ ရုရှနိုင်ငံသားအား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

“ဘုရားသခင်မပါဘဲ ကျွန် တော် ဒါကို မလုပ်နိုင်ပါဘူး။ အ သင်းဖော်တွေ မပါဘဲ ဒါကိုမလုပ် နိုင်ပါဘူး။ မြန်မာနိုင်ငံ ခင်ဗျားတို့ မပါရင်လည်း ဒါကို ကျွန်တော် လုပ်နိုင်မှာ မဟုတ်ပါဘူး’’ ဟု ချန်ပီယံဆုကို ဆွတ်ခူးပြီးနောက် အောင်လအန်ဆန်က ပြောသည်။

“ကျွန်တော် ပါရမီရှင် မဟုတ်ပါဘူး။ ကျွန်တော် မမြန်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကြောင့် ကျွန်တော် သတ္တိရှိလာတယ်။ အားအင်ပြည့်လာတယ်။ အခုဆိုရင် ကမ္ဘာ့ ချန်ပီယံဆုကို ရရှိသွားပါပြီ။ အားလုံးကို ကျေးဇူးအရမ်းတင်တယ်။ ခင်ဗျားတို့သာမရှိရင် ဒီချန်ပီယံဆုကို ရမှာမဟုတ်ဘူး” ဟုလည်း အောင်လက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly