သတင်းရယူခွင့်နှင့်သတင်းလွတ်လပ်ခွင့်ကို အလေးထားရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

သတင်းရယူခွင့်နှင့်သတင်းလွတ်လပ်ခွင့်ကို အလေးထားရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
ဓာတ်ပုံ - မေမီ

ရန်ကုန်   ဇူလိုင်  ၁ ။            ။ သတင်းမီဒီယာသမား ၃ ဦး အရေးယူခံရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းရယူခွင့်နှင့်သတင်းလွတ်လပ်ခွင့်ကို အလေးထားစဉ်းစားရန်  ဇွန်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန် တိုက်တွန်းခဲ့သည်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖောက်ဖျက်ရာရောက်ကြောင်း ရေးသား ဖော်ပြကြသည်ဟု ဆိုထားပြီး ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အရေးယူခံရ သူများသည် သတင်းမီဒီယာသမား များဖြစ်သဖြင့် ၎င်းတို့၏ သတင်းရယူခွင့်နှင့်သတင်းလွတ်လပ်ခွင့်ကို အလေးထားစဉ်စားရန်နှင့် ယခုအချိန်သည် ပြည်ထောင်စုငြိမ်းချမ်းရေးကို   ဖော်ဆောင်နေသည့် အချိန်ကာလဖြစ်သည် ဆိုသည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားရန်သင့်မြတ်မည် ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယူဆကြောင်း ဖော်ပြထားသည်။

ဇွန်လ ၂၆ ရက်နေ့က ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက်တစ်ဦးနှင့် ဒီမိုကရက်တစ်မြန်မာ့ အသံမှ သတင်းထောက် ၂ ဦးကို TNLA  လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်မှ အရေးယူခဲ့ခြင်းအပေါ် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သတင်းမီဒီယာသမားများအား ထိန်းသိမ်းခံရစဉ် ညှင်းပန်းနှိပ်စက်မှုမခံရစေရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်ပြုရန်နှင့် တရားရင်ဆိုင်သည့်အခါတွင် ရှေ့နေငှားရမ်းခွင့်နှင့် တိုင်ပင်ခွင့် ပြုရန်လည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required