အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အသစ်ဖွဲ့မည်၊ အသက် ရ၀ကျော်သူများ ပါဝင်ဖွယ်ရှိ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အသစ်ဖွဲ့မည်၊ အသက် ရ၀ကျော်သူများ ပါဝင်ဖွယ်ရှိ

နေပြည်တော်(ဇွန်လ ၃၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၏ အသက်သတ်မှတ်ချက်အား ပြင်ဆင်မည့် ဥပဒေကြမ်းတစ်ရပ်အား ဇွန်လ ၃၀ရက်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းလိုက်သည်။

ကော်မရှင်အဖွဲ့ဝင်များ၏ အသက်သည် (၇၀)နှစ်ထက် မကျော်သူဖြစ်ရမည်ဟူသည့် ဥပဒေပြဌာန်းချက်အစား အသက် (၇၅)နှစ်အထိ တိုးမြှင့်ပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်အား တင်သွင်းလိုက်ခြင်းဖြစ်သည်။

“အသက်(၇၀)ကျော်ပေမယ့်လို့ လုပ်နိုင်စွမ်းအားတွေ အများကြီး ရှိသေးတယ်။ ၇၀ကျော်သွားတဲ့ အခါမှာ ဘာတန်ဖိုးရှိလဲဆိုတော့ သူတို့အတွေ့အကြုံတွေ အင်မတန် တန်ဖိုးရှိတယ်။ အင်မတန် တန်ဖိုးရှိတဲ အတွေ့အကြုံတွေနဲ့ လုပ်ငန်းကို ဆောင်ရွက်တဲ့အခါမှာ ပိုပြီးတော့ အဆင်ပြေတယ်။ ပိုထိရောက်တယ်ဆိုတဲ့ အမြင်နဲ့ ဒီဥပဒေကို ပြင်ခြင်းဖြစ်တယ်” ဟု ဥပဒေကြမ်းတင်သွင်းသည့် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဌဖြစ်သူ စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းက မီဒီယာများကို ပြောသည်။

ထို့ပြင် လက်ရှိ ကော်မရှင်အား အသစ်ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်းလည်း ဦးဇော်မင်းက အခိုင်အမာ ပြောဆိုသည်။

“အဓိက အချက်ကို ပြောဦးမယ်။ ဒီအချက် ဖြေပြီးရင်တော့ မမေးနဲ့တော့" ဟု ဦးဇော်မင်းက သတင်းထောက်များကို စကားပလ္လင်ခံကာ "ကော်မရှင်ကို အသစ်ဖွဲ့ဖို့ ရည်ရွယ်ချက် ရှိပါတယ်” ဟု ၎င်းက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ခုနှစ်က စတင်ပြဌာန်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ကော်မရှင်အား ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ရက်က အဖွဲ့ဝင် ၁၅ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်ဟောင်း ဦးမြဝင်းက ကော်မရှင်ဥက္ကဌ၊ အငြိမ်းစားသံအမတ်ကြီး ဦးတင်ဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

၃နှစ်ကျော် သက်တမ်းကာလအတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ညီမျှခြင်းမြန်မာမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ကော်မရှင်က လုပ်ဆောင်မှု တော်တော် အားနည်းနေတာ တွေ့ရပါတယ်။ အထူးသဖြင့် သူတို့အနေနဲ့ ဥပဒေပြဌာန်းထားပေမယ့် အကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းမှာ အားနည်းတယ်” ဟု မှတ်ချက်ပြုသည်။

ဥပဒေအရ ကော်မရှင်၏ သက်တမ်းမှာ ယခင် အစိုးရ၏ သက်တမ်းနှင့်အညီဟု သတ်မှတ်ထားသော်လည်း “အခုအချိန်မှာ ဒီကော်မရှင်က အသက်ဝင်သေးလား၊ မဝင်သေးလားဆိုတာလည်း မေးစရာမေးခွန်း အများကြီး ရှိပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကော်မရှင်အဖွဲ့ဝင်များ၏ အသက်သတ်မှတ်ချက်အား ၇၅နှစ်အထိ တိုးမြှင့်ထားမှုအပေါ်ကိုလည်း ဦးအောင်မျိုးမင်းက “ကော်မရှင်မှာ ပညာရှင်ပိုင်းလိုအပ်တယ်လို့ ပြောလို့ရသော်လည်း တဖက်က ကြည့်ရင်လည်း ဖျတ်လတ်၊ သွက်လက်သော လူငယ်တွေ အားသစ်လောင်းဖို့ လိုပါတယ်” ဟု ဆိုသည်။

ကော်မရှင်အနေဖြင့် သက်တမ်း ၃နှစ်ကျော် ကာလအတွင်း တိုင်စာပေါင်း ၃၂၉၈စောင် လက်ခံရရှိခဲ့သော်လည်း ၄၁မှုကိုသာ စုံစမ်းစစ်ဆေးခဲ့သည်ကို တွေ့ရသည်။

သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ ၇၆၂စောင်၊ မှတ်တမ်းတွဲခြင်းဟု ကော်မရှင်က သတ်မှတ်သည့် အဆင့်မြင့်ပုဂ္ဂိုလ်များထံ လိပ်မူ တိုင်ကြားခြင်း၊ တရားရုံး ရင်ဆိုင်စစ်ဆေးဆဲ ကိစ္စအား တိုင်ကြားခြင်းနှင့် အရေးကြီးသော သက်သေခံချက် တစ်စုံတစ်ရာ ပါဝင်မှု မရှိသည့် တိုင်ကြားစာ ၂၄၉၁စောင်နှင့် စိစစ်ဆဲ ၄စောင် ရှိကြောင်း ကော်မရှင်၏ မေလကုန်အထိ စာရင်းများအရ သိရသည်။

၂၀၁၃ခုနှစ်က ပြဌာန်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ “နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဌာန်းထားသည်။

ထို့ပြင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟုလည်း ပြဌာန်းထားသေးသည်။

အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေးကဏ္ဍတို့တွင် ပုံမှန်လည်ပတ်နေသော်လည်း တရားစီရင်ရေးကဏ္ဍတွင် အဂတိလိုက်စားမှုများ လျော့နည်းသွားခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဖေဖော်ဝါရီလအတွင်းက ပြောဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required