အဆိုတော် စိန်ဝင်းထွန်း အမျိုးသမီးရေးရာပွဲတွင် သီချင်းမဆိုတော့

အဆိုတော် စိန်ဝင်းထွန်း အမျိုးသမီးရေးရာပွဲတွင် သီချင်းမဆိုတော့

ဇွန်လ ၃၀ ။          ။ အမျိုးသမီးရေးရာမှ ကြီးမှူးပြီး ကျင်းပတဲ့ ဖျော်ဖြေပွဲနှင့် ပတ်သက်ပြီး ယနေ့ မဖျော်ဖြေတော့လို့ အဆိုတော် စိန်ဝင်းထွန်းက ပြောလာပါတယ်။

“ တာဝန်ရှိသူများဘက်မှ ၂ ဘက်လုံးအတွက် ယခုချိန်ထိ မည်သည့်ဖြေရှင်းချက်မှ မထုတ်ပြန် လာသေးသည့်အတွက် ယနေ့ အမျိုးသမီးရေးရာပွဲကို ကျွန်တော် မဖျော်ဖြေတော့ပါ။ ပရိသတ်များနှင့်တကွ အမျိုးသမီးရေးရာမှလည်း နားလည်ပေးမည်ဟုယုံကြည်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု  ဇွန်လ ၃၀ ရက် ညနေပိုင်းက သူ့လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။

အမျိုးသမီးရေးရာမှ ကြီးမှူးပြီး ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ နှင့် ဖျော်ဖြေပွဲကို ဇွန်လ ၂၈ ရက်မှ ၃၀ရက်အထိ ရန်ကုန်မြို့မကျောင်းလမ်းရှိ  အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့တာပါ။

ဇွန်လ ၂၉ ရက်ညမှာ အဆိုတော်စိန်ဝင်းထွန်းက တေးရေး၊ အဆိုတော် အရိုးရဲ့ “ဥ” သီချင်းကို သီဆိုဖျော်ဖြေရာမှာ သူ့ကို ခွင့်မတောင်းခဲ့ကြောင်း အရိုးက လူမှုကွန်ရက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော်စိန်ဝင်းထွန်းက သီချင်းအတွက် ပွဲစီစဉ်သူက တေးရေးဆရာကို ခွင့်မတောင်းခဲ့တာ အခုမှ သိခဲ့ရကြောင်း၊ အကူညီတောင်းလာလို့ အခကြေးငွေ မယူဘဲ အကူညီပေးဖျော်ဖြေခဲ့တယ်လို့ အဆိုတော် စိန်ဝင်းထွန်းက ပြောထားပါတယ်။

ဒါကြောင့် “ထိုအဖွဲ့အစည်းမှ ပွဲစီစဉ်သူနဲ့ တာဝန်ရှိသူများအနေနဲ့ ၂ဘက်လုံး အတွက်ကျေနပ်အောင် ညှိနှိုင်းပေးစေလိုပါတယ်” လို့ ဒီကနေ့ မနက်အစောပိုင်းမှာ ရေးသားထားသော်လည်း မဖြေရှင်းပေးသေးသောကြောင့် အခုလို ဖျော်ဖြေဖို့ ရပ်ဆိုင်းလိုက်တာပါ။

“ကျွန်တော့ဂီတ သက်တမ်း နှစ် ၅၀ တစ်လျှောက်မှာ ပရိသတ် အထင်လွဲခံရတာ ဒါပထမဆုံးပဲ” လို့ စိန်ဝင်းထွန်းက ပြောထားပါတယ်။

ဒီကိစ္စအပေါ် “ အကြောင်းတစုံတရာကြောင့်ခွင့်တောင်းခံထားမှုကို အချိန်မီမသိခဲ့ကြရပါလျှင် ခွင့်လွှတ်ပါရန် အမျိုးသမီးရေးရာအဖွဲ့ချုပ်ကိုယ်စား တေးရေးအရိုး နှင့် ဂီတစာဆိုအလင်္ကာကျော်စွာ ဟင်္သာတမြင့်ငွေအား တောင်းပန်အပ်ပါကြောင်း တေးရေးအောင်နိုင်စန်းက လူမှုကွန်ရက်မှာ ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly