ကျောင်းသားတပ်မတော်က "ငြိမ်းချမ်းရေးအတွက်ဖြတ်သန်းခြင်း" ကို မိတ်ဆက်မည်

ကျောင်းသားတပ်မတော်က "ငြိမ်းချမ်းရေးအတွက်ဖြတ်သန်းခြင်း" ကို မိတ်ဆက်မည်

သြဂုတ် ၅ ရက်။       ။ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က လက်နက်ကိုင်တော်လှန်ရေးတလျှောက် ကိုယ်တိုင်ဖြတ်သန်းမှုများ၊ ခံစားချက်၊ အမြင်များကို စုစည်းထား သည့် စာအုပ်မိတ်ဆက်ပွဲကို သြဂုတ် ၆ ရက်၌ ကျင်းပမည်ဖြစ်သည်။

ကျောင်းသားတပ်မတော် ABSDF ၏ "ငြိမ်းချမ်းရေးအတွက်ဖြတ်သန်းခြင်း" အမည်ရ စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ အမှတ် ၂၉၀ House of Memories ၌ ကျင်းပမည်။ မနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိဖြစ်သည်။

မေးမြန်းမှုများကို ဖြေကြားမည့်အစီအစဉ်လည်းပါဝင်ပြီး စာအုပ်လည်း လက်ဆောင်ပေးမည်ဖြစ်သည်။

"ငြိမ်းချမ်းရေးအတွက်ဖြတ်သန်းခြင်း" စာအုပ်သည် စာဖတ်သူများကို တိုင်းပြည်အပြောင်းအလဲ ခရီးလမ်းကို ခေါ်ဆောင်သွားမည်။ ဖိနှိပ်မှုကို ဆန့်ကျင်တော်လှန်တိုက်ဖျက်ရမည်ဟူသော အိပ်မက်များနှင့် အတူ ၂၅ နှစ် တာ တော်လှန်ရေးခရီးလမ်းအတွင်း အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝများအပြင် ABSDF ရဲဘော်များ၏ မျှော်လင့်မှု၊ ပျော်ရွှင်မှု၊ စိုးရိမ်မှု၊ အားမလို အားမရဖြစ်မှုများကို ဖတ်ရှုမြင်တွေ့ရမည်။

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ကျောင်းသားတပ်မတော်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ဒီမိုကရက်တစ် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကိုယ်ပိုင်အမြင်ရှိသည်ဟု အကြိုထုတ်ပြန်ချက်က ဆိုသည်။

"လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အဓိပ္ပါယ်ပြည့်ဝသော ပြုပြင်ပြောင်းလဲမှုများသည် လက်တွေ့နှင့် ကင်းကွာနေပြီး တိုးတက်မှုများ မရှိဟုလည်း ABSDF အနေနှင့် သတိပေးလိုသည်။" ဟု ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags