စည်ပင်ဆိုတာ ဘာကို ခေါ်ပါသလဲ

စည်ပင်ဆိုတာ ဘာကို ခေါ်ပါသလဲ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ခင်မာလာထွန်း ရေး သားပေးပို့ခဲ့တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံရရှိခဲ့ပါတယ်။ စာရေးခဲ့သူက လမ်းဘေးဈေးသည်တွေရဲ့ စည်းကမ်းမဲ့ဈေးရောင်းချမှုကြောင့် လမ်းသွားလမ်းလာတွေ အနှောင့် အယှက်ဖြစ်ရတဲ့အကြောင်းနဲ့ စည်ပင်တာဝန်ရှိသူတွေအနေနဲ့ စည်းကမ်းထိန်းသိမ်းရေး သာမက သန့်ရှင်းရေးလုပ်ငန်းကိုပါ ထိထိရောက်ရောက် လုပ်ပေးစေချင်လို့ ရေးလိုက်တဲ့စာလို့ ဆိုပါတယ်။ သူပြောချင်တာက သူနေတဲ့ တာမွေမြို့နယ်သာမက ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့လယ်ကောင် ကနေရာတွေမှာ စည်းကမ်းနဲ့လုပ်ငန်းဆောင်ရွက်ချက်တွေ အားနည်းနေတာကို ထောက်ပြ ရေးသားခဲ့တာ ဖြစ်ပါတယ်။

မနက်စောစောမှာ သူနေထိုင်တဲ့ သတိပဌာန်လမ်းကနေ ဗညားဒလလမ်းမကြီးအတိုင်း တာမွေဈေးကို သွားတဲ့အခါ ပလက်ဖောင်းပေါ်မှာ ခိုစာရောင်းသူနဲ့ ဝယ်ကျွေးသူတွေကြောင့် ခိုငှက်တွေဟာ ပလက်ဖောင်းပေါ် အပြည့်ရှိနေကြတာမို့ လမ်းလျှောက်လို့ လုံးဝမရပါဘူးလို့ ဆိုပါတယ်။ လမ်းဘေးက လျှောက်မယ်ဆိုပြန်တော့လည်း မည်းညစ်နေတဲ့ ရေပုပ်ရေဆိုးတွေက အိုင်ထွန်းပြီး လုံးဝလျှောက်လို့ မရတဲ့အတွက် ဗညားဒလလမ်းပေါ်မှာ အမြဲပြည့်ကျပ် မောင်းနေတဲ့ ကားတွေကြားကနေ ဖြတ်လျှောက်ရတဲ့ လမ်းသွားလမ်းလာမှာ အန္တရာယ်ကြားထဲက နေ့စဉ်သွားလာ နေရပါတယ်။ ဒီရေဗွက်အိုင်တွေကို သူ့အနေနဲ့ မိုးရွာရွာ နေပူပူ အမြဲတွေ့နေရပါတယ်လို့ ပြောပါတယ်။

ဒီလိုအဖြစ်မျိုးတွေဟာ တာမွေမြို့နယ်တစ်ခုတည်းမှာသာ မဟုတ်ဘဲ လှည်းတန်းလမ်းမကြီးမှာ လည်း ကြုံတွေ့နေရပါတယ်။ လမ်းဆုံ ကုန်တိုက်နားကနေ လှည်းတန်းခုံးကျော် တံတားနားအထိ ဈေးဆိုင် တန်းတွေဟာ များပြားစွာ ဖွင့်လှစ်ထားပြီး အထူးသဖြင့် ငါးအကင်ဆိုင်တွေဟာ ပလက်ဖောင်း ပေါ်မှာရော ကားလမ်းမပေါ် အထိပါ တက်ပြီးရောင်းနေကြတဲ့အတွက် ကားအသွားအလာ အမြဲ ပြည့်ကျပ်နေ တဲ့ လမ်းမပေါ်မှာ လမ်းလျှောက်သွားရတာ မလွယ်ပါဘူး။ သူနားလည်ထားတာက ဒီဈေးသည်တွေ စည်းကမ်းတကျ ရောင်းချဖို့ ထိန်းသိမ်းရမယ့်သူတွေက စည်ပင်ဖြစ်တဲ့အတွက် တစ်စတစ်စနဲ့ လျော့နည်း လာတဲ့ စည်ပင်ရဲ့လုပ်ဆောင်ချက်တွေကို တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်ဆန်းစစ် ပြုပြင်သင့်ပါတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့လယ်က လမ်းမကြီးတွေပေါ်မှာလည်း စည်းကမ်းမဲ့ဈေးသည်တွေကြောင့် လမ်းသွား လမ်းလာတွေ အနှောင့်အယှက်ဖြစ်ရတာ နေ့စဉ်လို ဖြစ်နေပါတယ်။ ဒီတော့ စည်ပင်အနေနဲ့ မိမိ သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ် သန့်ရှင်းသာယာလှပဖို့ တာဝန်ယူထားသူတွေ ဖြစ်တဲ့အတွက် ကြောင့်လည်းကောင်း၊ ပြည်သူများထံမှ ထိုက်သင့်တဲ့ အခွန်အခတွေ ကောက်ခံထားပြီး ဖြစ်တဲ့ အတွက်ကြောင့် လည်းကောင်း၊ သူတင်ပြခဲ့တဲ့ မြို့နယ်အတွင်းမှာ လမ်းတွေ ဗွက်အိုင်ဖြစ်နေတာ၊ ဈေးသည်တွေ စည်းကမ်းတကျ ရောင်းဖို့ ကြပ်မတ်ရမယ့်တာဝန်ရှိတာကို ဆောင်ရွက်ပေးစေလိုတယ် လို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags