ကျောက်စိမ်းတုံးများ တရားမဝင်သယ်လာသောကား ဗွက်ကျွံနေစဉ် တွေ့ရှိ

ကျောက်စိမ်းတုံးများ တရားမဝင်သယ်လာသောကား ဗွက်ကျွံနေစဉ် တွေ့ရှိ
ဓာတ်ပုံ- ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဇွန်လ ၂၉ ။          ။ လားရှိုးမှ သိန်းနီသို့ ရှောင်ကွင်းလမ်း မနက် ၇ နာရီ ဗွက်ကျွံနေသည့် တုန်ဖုန်းယာဉ်ပေါ်၌ ကားမိုးကာ၊ ထင်းချောင်း၊ ဝါးများဖြင့် ဖုံးအုပ်ထားသည့် ကျောက်စိမ်းတုံးများ   တွေ့ရှိရသဖြင့် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်တွင် ကျောက်စိမ်းတုံးများ သယ်ဆောင်လာကြောင်း သတင်းအရ ရေပူဂိတ်စစ်ဆေးရေးအဖွဲ့မှ ရှောင်ကွင်းလမ်းအတွင်း စောင့်ဆိုင်းသော်လည်း  ရောက်ရှိမလာသဖြင့် ရှာဖွေရာ ဇွန်လ ၂၉ ရက် နံနက် ၇ နာရီခန့်တွင် ဗွက်ကျွံနေသည့် တုန်ဖုန်းယာဉ်ပေါ်၌ ကားမိုးကာ၊ ထင်းချောင်း၊ ဝါးများဖြင့် ဖုံးအုပ်ထားသည့် ကျောက်စိမ်းတုံးများတွေ့ရှိရသဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

" အခုလက်ရှိအခြေအနေကတော့ ကားကို ဗွက်ထဲကဆွဲတင်နေတာမရသေးဘူး။ ကားပေါ်က တရားခံ သုံးယောက်တော့ မိထားတယ်။ ကျောက်စိမ်းတွေကတော့ ဆယ်တုံးကျော်လောက် ရှိတယ်။ ကားပေါ်က မထုတ်ရသေးဘူး"ဟု ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ဆိုသည်။

အဆိုပါ ကျောက်စိမ်းတုံးများ သယ်ဆောင်လာသည့် ယာဉ်နှင့် ဖမ်းဆီးရမိသူ သုံးဦးအား သိန္နီမြို့နယ် ရဲစခန်းသို့ လွှဲအပ်သွားမည်ဖြစ်ပြီး ကျောက်စိမ်းရိုင်းတုံးများကို လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required