ရခိုင်အရေး အစိုးရ ဖြေရှင်းချက်အပေါ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဘဝင်မကျ

ရခိုင်အရေး အစိုးရ ဖြေရှင်းချက်အပေါ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဘဝင်မကျ
ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးလှဌေးဝင်း (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၂၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်အား အဖွဲ့စေလွတ်ပြီး စုံစမ်းစစ်ဆေးစေမည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ် ထိရောက်စွာ တားဆီးရန် အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးက အစိုးရကို မေးခွန်းထုတ်လိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းကာ မြန်မာနိုင်ငံသို့ စေလွတ်ရန် ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် ထိရောက် လုံလောက်သော တားဆီးကန့်ကွက်မှု ပြုလုပ်ရန်အတွက် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းက မေးခွန်းထုတ်သည်။

အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးလှဌေးဝင်းက ဇွန်လ ၂၉ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အထက်ပါအတိုင်း မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဦးလှဌေးဝင်း၏ အဆိုပါ မေးခွန်းအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်က လာရောက်ဖြေကြားရာတွင် အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့(Fact Finding Mission)စေလွတ်မည့်အပေါ် အစိုးရအနေဖြင့် သဘောတူလက်ခံခြင်းမရှိကြောင်း တရားဝင် ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သလို “မြန်မာနိုင်ငံကိုတော့ လာရောက်ခွင့် မပြုဖို့အတွက် မြန်မာသံရုံးတွေကို လိုအပ်တဲ့ ညွှန်ကြားမှုများ ပြုလုပ်ပြီး ကာကွယ်တားဆီးသွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

သို့သော် “မစ်ရှင်ဟာ မြန်မာနိုင်ငံကို မလာရောက်နိုင်လို့ရှိရင် အိမ်နီးချင်းနိုင်ငံများကို သွားရောက် စုံစမ်းပြီးတော့ ပြည်တွင်းရှိ သက်ဆိုင်သူတွေကို ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ပြီးတော့ တွေ့ရှိချက် အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီကို တင်ပြသွားမှာသာ ဖြစ်ပါတယ်” ဟု ဦးကျော်တင်က ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မရှင်အနေဖြင့် နိုင်ငံတကာမှ လက်ခံယုံကြည်သည့် အစီရင်ခံစာ ထုတ်ပြန်လာနိုင်မည်ဆိုပါက ဖိအားပေးမှုများကို ထိရောက်စွာ တုံ့ပြန်နိုင်မည်ဟုလည်း ဦးကျော်တင်က လွှတ်တော်တွင် ဖြေကြားသည်။

ဦးလှဌေးဝင်းကမူ “အဲ့ဒီလို အဆင်ပြေအောင် လုပ်ဖို့ဟာ ဒုသမ္မတ ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လုပ်ရမှာ မဟုတ်ဘူး။ တာဝန်ရှိတဲ့ ဝန်ကြီးဌာနက ဝိုင်းပြီးတော့ လုပ်ပေးမှရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဖြေနဲ့ပတ်သက်ပြီးတော့ သိပ်ပြီးတော့ ဘဝင်မကျပါဘူး” ဟု လွှတ်တော်ရပ်နားချိန်တွင် ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကလည်း “ကျွန်တော်တို့ဘက်က အမြင်ကတော့ ဝန်ကြီးပြောတာက ပေါ့ပေါ့ပါးပါးလေးပဲ။ သိပ်ပြီး အလေးအနက်ပြောတာမဟုတ်ဘူးလို့ပဲ မြင်မိတယ်။ လက်မခံဘူးဆိုရင် အဲ့အဖွဲ့က တခြားနိုင်ငံတွေကို သွားမယ်။ သွားပြီးတော့ အဲ့ဒီ အစီရင်ခံစာကို ထပ်တင်မယ်။ ထပ်တင်မယ်ဆိုရင် ပြဿနာ ဒီထက် ပိုကြီးသွားလိမ့်မယ်။ ဒီထက်ပိုပြီးတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်သင့်တယ်လို့ ထင်တယ်” ဟု မှတ်ချက်ပြုသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး အစိုးရ၏ လုပ်ဆောင်ချက်များမှာ အပြည့်အဝ လက်ခံနိုင်ဖွယ် မရှိကြောင်းလည်း ဦးလှဌေးဝင်းက သုံးသပ်ပြောဆိုခဲ့သေးသည်။

“ပထမဦးဆုံး စပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က တရားဝင် လက်မခံနိုင်ပါဘူးလို့ ပြောထားတဲ့ အသုံးအနှုန်း(ရိုဟင်ဂျာ)ကို UN နဲ့ UN ရဲ့ လက်အောက်ခံနိုင်ငံတွေက ထပ်ခါတလဲလဲ သုံးတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ လက်မခံနိုင်ဘူးဆိုတဲ့ဟာကို တရားဝင် ပြောဖို့လိုတယ်။ လက်မခံနိုင်ပါဘူးဆိုတဲ့ဟာကို မသိချင်ယောင်ဆောင်နေ၊ မသိကျိုးကျွံပြုနေရင် ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းဆိုတဲ့သဘောမျိုး သက်ရောက်သွားလိမ့်မယ်” ဟု ဦးလှဌေးဝင်းက ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စသည် အမျိုးသားလုံခြုံရေးကို ဘက်ပေါင်းစုံမှ ခြိမ်းခြောက်လျက်ရှိနေသည်ဟု ဦးလှဌေးဝင်းက ပြောဆိုကာ သတိကြီးကြီးထားသင့်ကြောင်းလည်း သူက ဆိုသည်။

"တချို့ဟာတွေမှာ အထိမခံဘဲနဲ့ ပြောသင့်တဲ့ဟာ ပြောရမယ်။ ကန့်ကွက်သင့်တဲ့ဟာ ကန့်ကွက်ရမယ်။ မိမိ အဓိက အကျိုးစီးပွားကို လုံးဝ အထိခိုက်ခံလို့ မဖြစ်ပါဘူး" ဟု ၎င်းက မှတ်ချက်ပြုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၃၄)ကြိမ်မြောက် အစည်းအဝေးတွင် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွတ်ရန် မတ်လ ၂၄ရက်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့အတွက် အိန္ဒိယနိုင်ငံသူ Ms. Indira Jaising ၊ သီရိလင်္ကာနိုင်ငံသူ Ms. Radhika Coomaraswamy နှင့် ဩစတြေးလျ နိုင်ငံသား Mr. Christopher Dominic Sidoti တို့ကို မေလ ၃၀ရက်က ခန့်အပ်ခဲ့ပြီးလည်း ဖြစ်သည်။

ယင်းအဖွဲ့အနေဖြင့် လာမယ့် စက်တင်ဘာလတွင် ကျင်းပမည့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ပဏာမ အစီရင်ခံစာ တင်သွင်းသွားမည်ဖြစ်ပြီး ၂၀၁၈ခုနှစ်၊ မတ်လတွင်မူ အစီရင်ခံစာ အပြည့်အစုံ တင်သွင်းရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ရက်၊ နံနက်ပိုင်းတွင် နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်မှ စတင်ပြီး ယခု ဇွန်လအထိ ၇လခန့်အတွင်း ပြစ်မဲ့အရပ်သား၊ ပြည်သူ (၃၂)ဦး သေဆုံးခဲ့ပြီး (၂၂)ဦးပျောက်ဆုံးလျက်ရှိသည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ဇွန်လ ၂၁ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly