တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးကို သေဒဏ်ပေးရမယ်လို့ မြောက်ကိုရီးယားပြော

တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးကို သေဒဏ်ပေးရမယ်လို့ မြောက်ကိုရီးယားပြော

ဇွန် ၂၉ ။         ။ မိမိတို့ခေါင်းဆောင် ကင်မ်ဂျုံအန်းကို လုပ်ကြံဖို့ လျို့ဝှက်အားထုတ်ခဲ့မှုအတွက် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးကို သေဒဏ်ပေးသင့်တယ်ဆိုပြီး ပြုံယမ်းအာဏာပိုင်တွေက ဇွန်လ ၂၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။

အလားတူ သမ္မတဟောင်း ပက်ဂွမ်ဟေးကို သေဒဏ်စီရင်ဖို့အတွက် ၎င်းတို့နိုင်ငံဘက်ကို လွှဲအပ်ပေးရမယ်ဆိုပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို တောင်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

ဇွန်လ ၂၈ ရက်က နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြတဲ့ မြောက်ကိုရီးယားဝန်ကြီးဌာနနှစ်ခုရဲ့ ပူးတွဲထုတ်ပြန်ချက်တစ်စောင်မှာတော့ ၎င်းတို့အစိုးရအနေနဲ့ တောင်ကိုရီးယားသမ္မတဟောင်း ပက်နဲ့ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးဟောင်း လီဗြောင်ဟို တို့ကို သေဒဏ်စီရင်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။

အလားတူ တောင်ကိုရီးယားအစိုးရအနေနဲ့ ၎င်းတို့နှစ်ဦးကို နိုင်ငံတကာထုံးတမ်းတွေအောက်မှာ မြောက်ကိုရီးယားဘက်ကို လွှဲပြောင်းပေးရလိမ့်မယ်လို့လည်း ယင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပက်ဂွမ်ဟေးနဲ့ လီဗြောင်ဟိုတို့နှစ်ဦးဟာ ပြုံယမ်းခေါင်းဆောင် ကင်မ်ကို လုပ်ကြံဖို့ အဓိကကြံစည်ထားခဲ့သူတွေဖြစ်ကြလို့ ယခုလို ၎င်းတို့ကို လွှဲပြောင်းအပ်နှံဖို့   တောင်းဆိုရခြင်းဖြစ်တယ်လို့လည်း   မြောက်ကိုရီးယားဘက်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တောင်ကိုရီးယား သမ္မတဟောင်း ပက်ဟာလည်း အာဏာအလွဲသုံးမှု၊ ခြစားမှုတို့အပါအဝင် စွဲချက်ပေါင်း ၂၀ နီးပါးနဲ့ ရင်ဆိုင်နေရပြီး ထောင်ဒဏ်ကျခံနေရလျက်ရှိသလို ယင်းစွဲချက်တွေကြောင့် သူမအနေနဲ့ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်ခြေ ရှိနေသူဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required