သဘာဝဘေးကြီးများ ဆက်လက် သတိပြုစရာ

သဘာဝဘေးကြီးများ ဆက်လက် သတိပြုစရာ

နောက်ပိုင်း၌ ကိုမန်(Komen) မုန်တိုင်းကြီးဖြစ်လာမည့် ဘင်္ဂလားပင်လယ်အော်ထဲမှ မုန်တိုင်းငယ်ကြောင့် ဇူလိုင်လ ၂၄ ရက် မတိုင်ခင်ကတည်းက မြန်မာနိုင်ငံတစ်ဝှမ်း အထူးသဖြင့် မြန်မာနိုင်ငံ အထက် ပိုင်း၌ မိုးကြီးကာ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်ရှိ နေရာအချို့တွင် ရေကြီး ရေလျှံမှုများ မြေပြိုမှုများ ဖြစ်ခဲ့သည်။

ထိုရက်တွင် ဖော်ပြသည့် သတင်းစာမျက်နှာအချို့၌ ကောလင်းရေဘေးသင့်ကာ သောက် သုံးရေ လိုအပ်ချက်ရှိနေကြောင်း ပါလာသည်။ မြစ်ရေတိုးလာမှုကြောင့် ဟသာၤတနှင့် ငါးသိုင်းချောင်း တို့တွင် တာတမံများကို စောင့်ကြည့်နေရကြောင်းလည်း ဖော်ပြလာသည်။ မန ္တလေး တိုင်းအတွင်း ကားလမ်းများ ရေကျော်သဖြင့် သွားလာရေးအတွက် အခက်အခဲရှိလာရာ တာဝန်ရှိသူတို့က ကူညီဖြေရှင်းပေး ရကြောင်းများလည်း ရေးသားလာသည်။ မိုးသည်းထန်စွာ ရွာသွန်းကာ ရှမ်းပြည်နယ်၌ မြေပြိုမှုဖြစ်ပြီး အိမ်များ ပြိုကျလာသည်ကို တွေ့ရသည်။

သို့ဖြစ်၍ သတင်းစာမျက်နှာပေါ်သာမက လူမှုကွန်ရက် စာမျက်နှာပေါ်မှာပါ တစ်ပြည်လုံး၏ ရေကြီးရေလျှံ အန္တရာယ်ကို လက်လှမ်းမီရာ ဓာတ်ပုံများဖြင့် တင်လာကြသဖြင့် ပြည်သူအများ သိရှိ လာကာ တတ်နိုင်သမျှ ကူညီမှုများ ပေးလာကြသည်။ ယင်းသို့ ကူညီကြရန်မှာလည်း လမ်းများရေလျှံ၊  တံတားများ ကျိုးပျက်ကုန်သဖြင့် သွားလာရေးခက်ခဲကာ ကူညီမှုများ နှောင့်နှေးပြီး ရေဘေးသင့် ပြည်သူများ ပိုမိုဒုက္ခရောက်ကြရတော့သည်။

ကိုမန်မုန်တိုင်းကြီးအဖြစ် ဇူလိုင် ၃၀ ရက် မိုးလေဝသထုတ်ပြန်ချက်အရ ကုန်းတွင်းဝင်ခါနီး တိုက်ခတ်သွားသည့်အရှိန်ကြောင့် မိုးမှာ ပိုမိုသည်းထန်ခဲ့ရာ ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင်ရေကြီးရေလျှံမှု များဖြစ်ရာ ရခိုင်ပြည်နယ်အထက်ပိုင်း၌ ရေကြီးသည့်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားကြရ တော့သည်။

မြန်မာပြည်အထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လူသေဆုံးမှု အများဆုံးဖြစ်ပြီး သြဂုတ်လ ၃ ရက်အထိ သေဆုံးသူ ၄၆ ဦး ရှိသည်။ လူပေါင်း ၂ သိန်းကျော် ရေဘေးဒဏ်ခံကြရသည်။ ယခုထိ ကူညီကယ် ဆယ်ရေးအတွက် တစ်ပြည်လုံးတွင် အလှူငွေများ လှည့်လည်ကောက်ခံပို့ဆောင်နေချိန်၌ အထက်မှရေများ ရောက်လာကာ ဧရာဝတီမြစ်ရေ တက်လာပြီ ဖြစ်သည်။ ရေလျှံသည့် မြို့နယ် ကျေးရွာများ၏ ပုံများ သတင်းစာမျက်နှာများ၊ လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့နေရပြီ ဖြစ်သည်။

ယခုပင် ညောင်တုန်းမြို့ ရေကြီးရေလျှံသဖြင့် လူများကို ရေလွတ်ရာသို့ ပို့ဆောင်ပေးနေရပြီဖြစ် သည်။ မကြာမီ မြစ်ဝကျွန်းပေါ်တစ်ခုလုံး ရေကြီးသည့် သတင်းများ မြင်လာ ကြားလာရတော့မည်မှာသေချာ လှတော့၏။

သဘာဝသယံဇာတများဖြစ်သည့် သစ်တောကြီးများကို စည်းမရှိ ကမ်းမရှိ ခုတ်ချင်တိုင်းခုတ်ယူ သုံးစွဲရောင်းချခြင်းကြောင့် သစ်တောများပြုန်းတီးကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအပိုင်း ပျက် ယွင်းလာ ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ယင်းကို စိုးရိမ်သူအချို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအချို့ ကသာ အရေးတယူ စည်းရုံးဟောပြော ကုစားလုပ်ကိုင်နေကြသည်။ တာဝန်ရှိခဲ့သူတို့ကား လှည့်၍ မျှပင် မကြည့်ချေ။

သစ်တောပညာရှင်ကြီးတစ်ဦးက ပြောဖူးသည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် အဖိုးတန် သယံဇာတများကို ပြည်ပသို့ ထုတ်ယူသွားကြသော်လည်း သစ်ခုတ်ယူမှုအပိုင်းကိုမူ  အထူးသတိ ထားလုပ်ကိုင်ခဲ့သည်ဟု ဆို၏။

ကျွန်းတစ်ပင်ခုတ်ဖို့ ထိုကျွန်းပင်၏သက်တမ်း မည်ရွေ့မည်မျှရှိရမည်၊ ကျွန်းပျိုးပင် သုံးပင် အောင်မှသာ ထိုအပင်ကို ခုတ်ရမည် စသည်ဖြင့် သတ်မှတ်ကာ သစ်တောများလည်း မပျက်ယွင်း၊ သူတို့လိုသော သစ်ကိုလည်း ခုတ်ယူသယ်ဆောင်သွားကြသည် ဟူ၏။

ကုပ်သွေးစုတ်သွားသော်လည်း အားပြတ် သေမကျန်ရအောင် ပါးပါးကလေး လုပ်သွားသည် ပင်။ ချီးကျူးရန် ကောင်းလှသည်ဟု မဆိုလိုချေ။ သို့သော်လည်း ကိုယ့်သွေးကိုယ့်သား ကိုယ့်နိုင်ငံသား များက ခုတ်ချလိုက်ကြသည်ကား တောင်ကတုံးများသာ ဖြစ်ကျန်ရစ်သည်မို့ တိုင်းပြည်မျက်နှာကိုပင် မထောက်ညှာလောက်အောင် ရက်စက်လှချည်ရဲ့ဟု ကဲ့ရဲ့လိုမိတော့သည်။

ခုဖြင့် သဘာဝတရားကြီးက ဒဏ်ခတ်လာရာ အပြစ်မဲ့သော ပြည်သူများသာ ခံစားကြရပြီး သေသူသေ ပျောက်သူပျောက် ဘဝပျက်သူပျက်ပြီး တစ်တိုင်းပြည်လုံး ဒုက္ခပင်လယ်ဝေနေကြရ လေသည်။

သဘာဝတရား ပျက်ပြားသည်အထိ ဓမ္မတရား ပျက်ပြားခဲ့ကြသူများ အထူးသတိထား ဆင်ခြင်စရာဖြစ်ပြီး မိမိတို့ ပြုမိမှားခဲ့သော အပြစ်ကို ကျေပါစေကြောင်း ကောင်းမှုကုသိုလ်များဖြင့် ကုစားသင့်လှသည် ဟုသာ ဆိုချင်မိတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags