မက္ကဆီကိုဂျာနယ်လစ်များက ၎င်းတို့၏အသက်အန္တရာယ်ကို ကာကွယ်ပေးရေး ဆန္ဒပြတောင်းဆို

မက္ကဆီကိုဂျာနယ်လစ်များက ၎င်းတို့၏အသက်အန္တရာယ်ကို ကာကွယ်ပေးရေး ဆန္ဒပြတောင်းဆို

ဇွန် ၂၉ ။              ။ မက္ကဆီကိုတွင် ယခုနှစ်အတွင်း အသတ်ခံရတဲ့ သတင်းသမားအရေအတွက် ခြောက်ဦးထိ ရှိလာခဲ့ပြီးနောက် ယခုအခါ လုပ်ဖော်ကိုင်ဘက် ဂျာနယ်လစ်တွေက ပိုမိုခြိမ်းခြောက်ခံလာနေရတဲ့ ၎င်းတို့ရဲ့အသက်အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ မီဒီယာသမားတွေအတွက် အန္တရာယ်အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုမှာတော့ ယခုနှစ်တစ်နှစ်တည်းအတွင်း သတင်းသမား ခြောက်ယောက်ထိ အသတ်ခံထားခဲ့ရပြီး   နောက်မှာတော့ ကျန်ရှိနေတဲ့ သတင်းသမားတွေဟာလည်း ၎င်းတို့ရဲ့ အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးပွားလာနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလက မက္ကဆီကို သတင်းသမား ဆယ်လ်ဗေဒါ အဒိမ်း အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နောက်ပိုင်း ၎င်းပြန်ပေးဆွဲခံရပြီး အသတ်ခံခဲ့ရတဲ့ ပြည်နယ် Michoacan မှာတော့ လုပ်ဖော်ကိုင်ဘက် သတင်းသမားတွေက "SOS Press" ဆိုပြီး မြေပြင်မှာ စာလုံးအကြီးပုံဖော် ဆန္ဒပြခဲ့ကြပါတယ်။ ယင်း ဆန္ဒပြမှုမျိုးကို မက္ကဆီကိုမြို့တော်အပါအဝင် အခြား ပြည်နယ်ခြောက်ခုမှာလည်း အလားတူအတိုင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

" ခုလို သတင်းမီဒီယာသမားတွေကို အရေးပေါ်ကယ်တင်ဖို့ ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းရင်း ကတော့ နိုင်ငံမှာ လက်ရှိ ကျွန်တော်တို့လို ဂျာနယ်လစ်တွေ တွေ့ကြုံနေရတဲ့ စိုးရိမ်ရတဲ့ အခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် သိသွားစေချင်လို့ပါ၊ ဓာတ်ပုံဆရာတွေ၊ ကင်မရာမန်းတွေ၊ အယ်ဒီတာတွေ၊ သတင်းရေးသားသူတွေ စတဲ့ အားလုံးသော ဂျာနယ်လစ်သမားတွေကို ကိုယ်စားပြုပါတယ်" လို့ Michoacan ပြည်နယ် ဆန္ဒပြပွဲကို စီစဉ်ခဲတဲ့ အင်းနရစ် ကက်စထရိုက ပြောပါတယ်။

" မက္ကဆီကိုမှာ ခင်ဗျားကို တစ်ယောက်ယောက်က အချိန်မရွေးလာသတ်နိုင်တယ်ဗျ၊ ရန်ငြိုးကြောင့် ပဲဖြစ်ဖြစ်၊ ခင်ဗျားအလုပ်ကြောင့်ပဲဖြစ်ဖြစ်ပေါ့" လို့ အင်းနရစ်က ပြောပါတယ်။

"ခက်တာက ဒီလိုပြဿနာတွေဖြစ်တိုင်း ဘယ်တော့မှ ဖမ်းတာဆီးတာလည်း မရှိပြန်ဘူး၊ ကျူးလွန်သူတွေက ဘယ်တုန်းကမှ တရားမစွဲခံရဘူး၊ သူတို့ ဆက်ပြီး သတ်မြဲသတ်တယ်၊ ကျွန်တော်တို့ကို ဆက်ပြီး ခြိမ်းခြောက်နေပါတယ်" လို့လည်း အလွတ်တန်းဓာတ်ပုံဆရာ ဗစ်တာ ဂယ်လင်ဒိုကလည်း ပြောသွားပါတယ်။

ပြီးခဲ့တဲ့ကာလက ခြောက်ယောက်မြောက်အဖြစ် အသတ်ခံခဲ့ရသူ သတင်းသမား အဒိမ်းကိုတော့ Nueva Italia မြို့မှာ ပြီးခဲ့တဲ့ မေလက သေနတ်သမားတွေက လာရောက်ပြန်ပေးဆွဲသွားခဲ့တာ   ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းရဲ့ ရုပ်အလောင်းကိုတော့ လမ်းမတစ်ခုဘေးမှာ လာရောက်စွန့်ပစ် ထားတာကိုတွေ့ခဲ့ရတယ်ဆိုပြီး  ပြီးခဲ့တဲ့ ၂၆ ရက်က အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ယင်းနိုင်ငံမှာတော့ အစိုးရက နိုင်ငံမှာ သြဇာထက်တဲ့ မူးယစ်ဂိုဏ်းတွေကို စစ်တပ်သုံးပြီး နှိမ်နင်းခဲ့တဲ့နှစ် ၂၀၀၆ ခုနှစ်နောက်ပိုင်းကလည်း ဂျာနယ်လစ်တွေအကြမ်းဖက်ခံရမှုနှုန်းဟာ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ယင်းအချိန်နောက်ပိုင်း အနည်းဆုံး သတင်းသမား ၁၀၀ ထိ သတ်ဖြတ်ခံခဲ့ရသလို အခြား ၂၀ ကျော် လည်း လူမသိသူမသိ ပျောက်ကွယ်သွားခဲ့ပါတယ်။ ယင်းဖြစ်စဉ်တွေထဲက ၉၀ ရာခိုင်နှုန်း ကျော်ကို ခုထက်ထိ တရားခံအစရှာမရဘဲ ဖြစ်နေဆဲလို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required