ဒူတာတေး၏ သမ္မတသက်တမ်း တစ်နှစ်က ကပ်ဒုက္ခဘေးတစ်ရပ်ပဲဖြစ်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

ဒူတာတေး၏ သမ္မတသက်တမ်း တစ်နှစ်က ကပ်ဒုက္ခဘေးတစ်ရပ်ပဲဖြစ်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

မနီလာ၊ ဇွန် ၂၈ ။               ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲအတွင်း လူ့အသက်ပေါင်း ၇၀၀၀ ကျော်ထက်မနည်း စတေးဆုံးရှုံးခဲ့ရ၍ ၎င်း၏ သမ္မတသက်တမ်း ပထမတစ်နှစ်တာသည် ကပ်ဒုက္ခဘေးကာလတစ်ရပ်ပဲဖြစ်ကြောင်း လူ့အခွင့်အရေးစောင်ကြည့်ရေးအဖွဲ့ HRW က ပြောသည်။

မူးယစ်စစ်ပွဲအတွင်း တရာလွတ်သတ်ဖြတ်ခြင်းများအပြင် ဝေဖန်သူများအား တရားစွဲဆိုခြင်းနှင့် ဖိလစ်ပိုင်အကျဉ်းထောင်များတွင် လူပြည့်သိပ်ခြင်းများက ၂၀၁၆ ဇွန် ၃၀ ရက် ဒူတာတေး ကျမ်းဆိုပြီးမှစကာ အခြေခံအခွင့်အရေးများအပေါ် လေးစားမှု ကျဆင်းလာခြင်းပဲဖြစ်ကြောင်း HRW ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူးယစ်စီးနင်းမှုများအတွင်း ခုခံသည်ဆိုကာ လုံခြုံရေးတပ်များ၏ လက်ချက်ဖြင့် ဆေးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူ ၃၁၁၆ ဦး သေဆုံးကြောင်း အစိုးရ အချက်အလက်များက ပြသသည်။

အခြားကျန်သေဆုံးသူ အရေအတွက်မှာ ဒူတာတေး၏ ပစားပေး မျက်ကွယ်ပြုထားဟန် ရှိနေသည့် အမည်မသိ သေနတ်သမားများနှင့် သုတ်သင်ရေးသမားများ၏ လက်ချက်ကြောင့် ဖြစ်သည်ဟု HRW က ယူဆထားသည်။ များစွာသော သေဆုံးမှုများက လူသတ်မှုအနေဖြင့် စုံစမ်းစစ်ဆေးဆဲဟု တရားဝင်အမှုတွဲ စာရင်းသွင်းထားသော်လည်း ချောင်ထိုးကာ ပလပ်ထားကြောင်း ယင်းအဖွဲ့က ဆိုသည်။

ထိုပြင် မူးယစ်ဆန့်ကျင်ရေးစစ်ပွဲကို ဝေဖန်သူများအား အနှောင့်အယှက်ဒုက္ခ ပေးခြင်းများအတွက်လည်း အစိုးရကို HRW က ဝေဖန်ထားသကဲ့သို့ မူးယစ်စစ်ပွဲကို လူသိရှင်ကြား ထုတ်ဖော်ဝေဖန်သူများမှ တစ်ဦးဖြစ်သည့် လွှတ်တော်အမတ် လိုင်လာလီမာအား နိုင်ငံရေး စေ့ဆော်မှုပါသော တရားစွဲဆိုထားခြင်းအတွက်လည်း ဖိလစ်ပိုင်အစိုးရအား ရှုတ်ချထားသည်။

အကျဉ်းထောင်အာဏာပိုင်များကို ကိုးကားချက်အရ လူပေါင်း ၂၀၃၉၉ သာ ဝင်ဆံ့သော ဖိလစ်ပိုင်က ထောင်များတွင် လက်ရှိ ချုပ်နှောင်ထိန်းသိမ်းထားသည့် အကျဉ်းသားဦးရေသည် ၁၃၂၀၀၀ အထိ ရှိနေကြောင်း သိရှိရရာ မူးယစ်ဆေးဝါးသံသယရှိသူများကို  ဖမ်းဆီးထောင်ချခြင်းများ မြင့်မားလွန်းခြင်းကြောင့် ဖြစ်ရခြင်းဟု HRW က ကောက်ချက်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required