မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက် ရေတံခွန်တောင်တက် စက်ဘီးစီးပြိုင်ပွဲ နှင့် တောင်အဆင်းလမ်းကြောင်းDownhill ပြိုင်ပွဲ ကျင်းပမည်

မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက် ရေတံခွန်တောင်တက် စက်ဘီးစီးပြိုင်ပွဲ နှင့် တောင်အဆင်းလမ်းကြောင်းDownhill ပြိုင်ပွဲ ကျင်းပမည်

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်တွင် ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်တို့မှ Mandalay Free Rider (MFR) စက်ဘီးစီးအဖွဲ့မှ ဦးစီး၍ ဒုတိယအကြိမ်မြောက် ရေတံခွန်တောင်တက် Mountain Bike စက်ဘီးစီးပြိုင်ပွဲ နှင့် တောင်အဆင်းလမ်းကြောင်း Downhill ပြိုင်ပွဲတို့ကို (၂၀၁၇)ခုနှစ် ဇူလိုင်(၉)ရက် နံနက်(၉)နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့၊ Memory Food&Drinkတွင်ယနေ့ပြုလုပ်သော သတင်စာရှင်းလင်းပွဲမှ သိရှိရသည်။

'' (၁၈)နှစ်ပြည့်ပြီးသူတွေကိုပဲ ဝင်ပြိုင်ခွင့်ပြုမှာပါ၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ ရန်ကုန်က စက်ဘီးကလပ် အသင်း(၁၀)သင်းကျော် ပါဝင်ယှဉ်ပြိုင်မှာပါ၊ ပြိုင်ပွဲဝင်သူအားလုံးကို အာမခံ လုပ်ပြီးမှာ ပါဝင်ခွင့်ပေးမှာပါ၊ မဟုတ်ရင် ပြိုင်ခွင့်ပေးမှာမဟုတ်ပါဘူး '' ဟု မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်ဝင်းထွန်းက ပြောသည်။

ရေတံခွန်တောင်တက် Mountain Bike စက်ဘီးစီးပြိုင်ပွဲတွင် စက်ဘီးစီး အားကစားသမား (၄၀၀)ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသက်အရွယ်အလိုက် ပြိုင်ပွဲများတွင် ပထမ (၂)သိန်း၊ ဒုတိယ (၁)သိန်းခွဲ၊ တတိယ (၁)သိန်း၊ စတုတ္ထ (၇)သောင်း၊ ပဉ္စမ (၅)သောင်း စသည့်ဖြင့် ချီးမြှင့်သွားမည်ဖြစ်သည်။

တောင်အဆင်းလမ်းကြောင်း Downhill ပြိုင်ပွဲတွင် စက်ဘီးစီး အားကစားသမား (၅၀)ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး Elite တန်းပြိုင်ပွဲတွင် ပထမ(၂)သိန်း၊ ဒုတိယ (၁)သိန်းခွဲ၊ တတိယ(၁)သိန်းကိုလည်းကောင်း၊ Master တန်းပြိုင်ပွဲတွင် ပထမ(၁)သိန်းခွဲ၊ ဒုတိယ (၁)သိန်း၊ တတိယ (၇)သောင်းကိုလည်းကောင်း၊ Beginner တန်းပြိုင်ပွဲတွင် ပထမ(၁)သိန်း၊ ဒုတိယ (၇)သောင်း၊ တတိယ (၅)သောင်းကိုလည်းကောင်း ချီးမြှင့်မည်ဖြစ်သည်။

''ရေတံခွန်တောင်တက်ပြိုင်ပွဲက (၃၀)ကီလိုမီတာ(မီတာ ၃၀၀၀) ရှည်ပါတယ်၊ တောင်အဆင်းလမ်းကြောင်းပြိုင်ပွဲက (၁၅၀၀) မီတာ ရှည်ပါတယ်၊ ကျောက်ခင်းလမ်းတွေနဲ့ လမ်းတွေက အခက်အခဲ၊ အန္တရာယ်များတယ်၊ ထိုင်းက ကစားသမား (၂)ဦး၊ ဖိလစ်ပိုင်က ကစားသမား(၃)ဦး ဖိတ်ခေါ်ထားပါတယ်၊ လမ်းကြောင်းရှည်လို့ အမျိုးသမီး မပါဘူး၊ ပါတဲ့ အရေအတွက် နည်းလို့ ဒီနှစ်မှာ မပါပါဘူး'' ဟု မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်ဝင်းထွန်းက ပြောသည်။

မန္တလေးဓာတ်ပုံအသင်းမှ ကြီးမှူး၍ ဒုတိယအကြိမ်မြောက် ရေတံခွန်တောင်တက် Mountain Bike စက်ဘီးစီးပြိုင်ပွဲ နှင့် တောင်အဆင်းလမ်းကြောင်း Downhill ပြိုင်ပွဲတို့တွင် စက်ဘီးပြိုင်ပွဲ လျှပ်တစ်ပြက် ဓာတ်ပုံပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပထမ (၃)သိန်း၊ ဒုတိယ(၂)သိန်း၊ တတိယ (၁)သိန်း၊ နှစ်သိမ့်ဆု (၃)ဆု (တစ်ဆုလျှင် ကျပ်ငါးသောင်း)၊ ကုမ္မဏီရွေးချယ်မှု (၁)ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ရေတံခွန်တောင်တက် Mountain Bike စက်ဘီးစီးပြိုင်ပွဲ နှင့် တောင်အဆင်းလမ်းကြောင်း Downhill ပြိုင်ပွဲ လျှောက်လွှာများကို (၇၈)လမ်း Diamond Plaza ရှေ့ (အို စတိုး)တွင် ပြိုင်ပွဲဝင်ကြေး ကျပ်ငါးထောင်ဖြင့် ပြိုင်ပွဲဝင် ပုံစံထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required