NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများ မဟာဗျူဟာမူဝါဒများ ချမှတ်နိုင်ရန် ဆွေးနွေးနေ

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများ မဟာဗျူဟာမူဝါဒများ ချမှတ်နိုင်ရန် ဆွေးနွေးနေ

ချင်းမိုင်၊ ဇွန် ၂၈ ။         ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွ့ဲ့ မှ ခေါင်းခေါင်းများ ပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ မျက်နှာစုံညီအစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၂၈ ရက်က စတင်ကျင်းပနေသည်။

NCA ပါ ပြဌာန်းချက်များ၏ အဓိပ္ဗါယ်ဖွင့်ဆိုချက်များလည်း ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံရေးဆိုင်ရာ မူဘောင်များသုံးသပ်ခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက်   ဆွေးနွေးသွားမည် ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်နေသူ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“မူဝါဒရေးရာတွေကို ကျေကျေလည်လည်ဖြစ်ရေး ဒီ ၈ ဖွဲ့ကြားမှာ အမြင့်ဆုံး ညီညွတ်ရေးကို ထိန်းသိမ်းရေးနဲ့ ရှေ့လုပ်ငန်းစဉ်မှာ အားသာချက်တွေကို ယူ၊ အားနည်ချက် ဖယ်ပြီးတော့   နိုင်ငံရေးအကောင်အထည်ဖော်မှုနေရာမှ ဦးဆောင်မှုအပိုင်းကို ဆက်လက် ရယူနိုင်ဖို့ ဒါကို မဟာဗျူဟာချတဲ့ ဆွေးနွေးပွဲပေါ့ဗျာ”ဟု သူက ပြောသည်။

ထို့ပြင် ၂၁ ရာစုပင်လုံ ဒုတိယ ညီလာခံတွင် ချမှတ်နိုင်ခြင်းမရှိသော ခွဲထွက်ရေးမူများကို ပြန်လည်သုံးသပ်ခြင်း၊ တိုင်းပြည်တပြည်တွင် တပ်တခုတည်းထားရှိရေး စသည့် မူဝါဒများကို ချမှတ်နိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“၂၁ ရာစုပင်လုံ ညီလာခံကို သင်ခန်းစာယူတာပေါ့။ အဲဒီမှာ အားလုံးကြားထဲမှာ ဆုံးဖြတ်ချက် မကျသေးတဲ့ ဥပမာ ခွဲထွက်ပိုင်ခွင့်၊ ဘယ်တော့ အခါမှ မခွဲထွက်ရဘူးဆိုတဲ့ကိစ္စကို ဘယ်လို သဘောထားမလဲ၊ ဘယ်လို ပုံစံဖြစ်နိုင်လဲ။ ဘယ်လို ပုံစံဆို မဖြစ်နိုင်ဘူး။ ဘယ်လို ပုံစံဖြစ်ဖြစ် လုံးဝလက်မခံဘူး စသည်ဖြင့် အဲဒီအပေါ်မှာ သဘောထားယူဖို့ မူ တခုချပေးလိုက်၊ ဒါဆိုရင် နောက်ဘယ်တော့ဖြစ်ဖြစ် ကျနော်တို့ ကိုင်လို့ရတယ်။ နောက်တခါဒီလိုပဲ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေကို လူမျိုးအလိုက်ခေါ်မလား။ ဒေသအလိုက်ခေါ်မလား။ ဒီလိုမူမျိုးတွေကို အခု ကျေကျလည်လည် ဆွေးနွေးမယ်။ ပြီးတော့ ဒါကိုပဲ မူဝါဒ၊ နောက်နိုင်ငံရေးဆွေးနွေးပွဲ ဆက်သွားရင် သယ်လို့ ရတယ်။ နောက်ပြီးတော့ တိုင်းပြည်တပြည် တပ်မတော် တစ်ရပ်ထဲထားရမဲ့ မူတွေ၊ ဘယ်လောက်အဆင့်ထိ ဘယ်လိုစာလုံးနဲ့ ဘယ်လို အနေအထားမှာ လက်ခံနိုင်သလဲပေါ့။ ဒီလိုမူဝါဒချပေးလိုက်ရင် နောက်နောင်ဆွေးနွေးဖို့လွယ်တာပေါ့”သူက ပြောသည်။

ဦးသိန်းစိန် အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်ရှိ အစိုးရနှင့် တပ်မတော်ကNCA အကောင်အထည်ဖော်မှုမှာ အားနည်းနေခြင်းကြောင့် စိန်ခေါ်မှုများ ရှိနေသည်ဟု သူက ဆက်လက် ပြောဆိုသည်။

“စိန်ခေါ်မှုတွေက အများကြီးပဲ။ အစိုးရသစ်က အလုပ်ရှုပ်တဲ့အပေါ်မှာ ကျနော်တို့ ကိစ္စကို အာရုံစိုက်တာ နည်းတာတခု။ တပ်မတော်ကလည်း လုံခြုံရေးရှုထောင့်ကနေ နိုင်ငံရေးလုံခြုံရေး ပေတံနဲ့ တိုင်းပြီးတော့ လုပ်လာတဲ့အခါကြတော့ အန်စီအေ အဓိပ္ပာယ်ဖော်လာတဲ့အခါမှာ ကွာဟမှုတွေ ရှိလာတာပေါ့။ ဒါတွေက ကြီးမားတဲ့ စိန်ခေါ်မှုတွေပေါ့”ဟု သူက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်က ကျင်းပသော PPST အစည်းအဝေးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ လူမျိုးအလိုက် အမျိုးသားအဆင့်   နိုင်ငံရေး ဆွေးနွေးကျင်းပနိုင်ရန်အတွက် PPST က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့ရန် ဆုံးဖြတ်ခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ယခင်အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြည်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) (KNU-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ် (DKBA )တို့ ဖြစ်သည်။

အစည်းအဝေးကို ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက်နေ့ထိ လေးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags