သူငယ်ချင်း ယောက္ခမ ၂ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လတွင် ရုံတင်မည်

သူငယ်ချင်း ယောက္ခမ ၂ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လတွင် ရုံတင်မည်

ရန်ကုန် ၊ ဇွန် ၂၈ ။            ။ စိန်ဌေး ရုပ်ရှင်နှင့် ဗီဒီယိုမှ စီစဉ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော် ထားသည့် သူငယ်ချင်း ယောက္ခမ၂ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လထဲတွင်   မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည် ဖြစ်သည်။

သူငယ်ချင်းယောက္ခမ၂ ရုပ်ရှင်ဇာတ်ကားကြီး သည် ၂၀၀၉ ခုနှစ်က ရုံတင်ပြသခဲ့ဖူးပြီး ပရိသတ် ကြိုက်နှစ်သက်ခဲ့ကြသည့် သူငယ်ချင်း ယောက္ခမ ရုပ်ရှင်ဇာတ်ကားကြီး၏ အဆက်လည်းဖြစ်ကာ ရသအသစ်တမျိုးကိုလည်း ခံစားရမည် ဖြစ်သည်။

ထိုရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း ကိုရွှေမိုးသက်၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် လွင်မိုး၊ ကျော်ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ မိုးဟေကို နှင့် တခြားသရုပ်ဆောင်များလည်း ပါဝင် သရုပ်ဆောင်ထားကြသည်။

သူငယ်ချင်းယောက္ခမ၂ ရုပ်ရှင်ဇာတ်ကားကြီးသည် မိသားစု ဟာသရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပြီး အိမ်တစ်အိမ်တွင် သူငယ်ချင်းယောက္ခမတွေ အတူနေထိုင်ပြီး ဖြစ်ပေါ်လာသည့် ပြဿနာများကို ဒါရိုက်တာမှ ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်သည်။

“မင်းငါ့ကိုအရက်ဆိုင်မှာတော့ ဖေဖေလို့မခေါ်နဲ့ကွာ" ဆိုသည့် ကိုမောင်သိန်း အဖြစ် လွင်မိုး၊ "မင်းပဲ အစက မင်းကို ဖေဖေလို့ ခေါ်ရမယ်ဆို" သည့် ညီညီ အဖြစ် ကျော်ရဲအောင်၊ "ဦးနော်… ခုလို မကောင်းတဲ့ အကျင့်တွေ ဘယ်က တတ်လာတာလဲပြော" သည့် အိချောအဖြစ် မိုးဟေကို၊ "နင် တို့တွေကလေ အသက်ဖြင့် အိုနေပြီ … ရန်ဖြစ်လို့ကိုမပြီးနိုင်တော့ဘူး" ဆိုသည့် မစန္ဒာအဖြစ် စိုးမြတ်သူဇာတို့မှ သရုပ်ဆောင် ထားကြသည်။

၎င်းတို့ သူငယ်ချင်းယောက္ခမ လေးယောက်အပြင် သူငယ်ချင်း ယောက္ခမ ၂ ရုပ်ရှင်ဇာတ်ကားတွင် ထပ်တိုးလာသည့် ဇာတ်ကောင်တွေက ဘယ်သူဖြစ်မလဲ နောက်ထပ် သူငယ်ချင်းယောက္ခမ စုံတွဲက ဘယ်သူဖြစ်မလဲဆိုတာ ဇူလိုင်လတွင် ပရိသတ်များ သိရှိရတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly