လူကုန်ကူးမှု အဆိုးဆုံးနိုင်ငံတွေထဲမှာ မြန်မာ မပါ၀င်တော့ဟု အမေရိကန် ပြော

လူကုန်ကူးမှု အဆိုးဆုံးနိုင်ငံတွေထဲမှာ မြန်မာ မပါ၀င်တော့ဟု အမေရိကန် ပြော

ဇွန် ၂၈ ။             ။ ကမ္ဘာပေါ်က လူကုန်ကူးမှု အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါဝင်တော့ဘူး ဆိုပြီး အမေရိကန်က ဇွန်လ ၂၇ ရက်မှာ အခိုင်အမာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။   နှစ်စဉ်ထုတ်ပြန်နေကျ လူကုန်ကူးမှု အစီရင်ခံစာမှာတော့ အမေရိကန်တို့အနေနဲ့ မြန်မာနိုင်ငံကို ယခုလို အဆိုးဆုံးနိုင်ငံတွေထဲကနေ ဖယ်ရှားလိုက်ပြီး အဆင့်တိုးမြှင့် သတ်မှတ်ပေးလိုက်တာလည်း   ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းပဲ ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံတွေစာရင်းကနေ မြန်မာနဲ့ အီရတ်တို့ကို အမေရိကန်တို့က ပယ်ဖျက်ပေးထားခဲ့ပါသေးတယ်။

ယခု ထုတ်ပြန်လိုက်တဲ့ အမေရိကန်ရဲ့ လူကုန်ကူးမှု အစီရင်ခံစာမှာတော့ ထူးခြားချက်အနေနဲ့  တရုတ်နိုင်ငံကို ကမ္ဘာပေါ်မှာ လူကုန်ကူးမှုအဆိုးဆုံးသော နိုင်ငံအဖြစ် အဆင့်လျှော့ချသတ်မှတ်လိုက်ပြီး   မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဆီးရီးယားတို့နဲ့အတူ တစ်တန်းတည်း ထားရှိသတ်မှတ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာတော့ အာဖဂန်နစ္စတန်နဲ့ မလေးရှားနိုင်ငံတို့ကတော့ လူကုန်ကူးမှု ထိန်းချုပ်မှုပိုင်းမှာ အရေးပါတဲ့ ခြေလှမ်းတွေ လှမ်းထားနိုင်ခဲ့တဲ့အပေါ်မှာလည်း အသိအမှတ်ပြုပြောင်း အမေရိကန်တို့က ထုတ်ပြန်ခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာအကြမ်းဖျင်းအားဖြင့် ကမ္ဘာမှာ လူပေါင်း သန်း ၂၀ လောက် လူကုန်ကူးမှုရဲ့ သားကောင်တွေအဖြစ် ကျရောက်နေလျက်ရှိပြီး ယင်းအတွက် ဝိုင်းဝန်းလုပ်ဆောင်စရာတွေအများကြီး ကျန်ရှိနေကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်က ပြောသွားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ အစိုးရသစ်လက်ထက်မှာ ကလေးစစ်သားစုဆောင်းမှုကို တိုက်ဖျက်တဲ့ အားထုတ်ကြိုးပမ်းမှုတွေ လုပ်ထားနိုင်ခဲ့တာရော၊ လူကုန်ကူးမှု ဥပဒေအောက်မှာ အစိုးရ တာဝန်ရှိသူတွေကို ပထမဆုံးသော တရားစွဲဆိုမှုတွေလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း ယခုလို အဆိုးဆုံးလူကုန်ကူးမှုနိုင်ငံတွေထဲကနေ ကင်းလွတ်ပြီး အဆင့်တိုးမြှင့်ခံလိုက်ရတာဖြစ်တယ်လို့ လည်း သိရပါတယ်။ မြန်မာအနေနဲ့ကတော့ ယမန်နှစ်တုန်းကအထိ လူကုန်ကူးမှု အဆိုးဆုံးစာရင်းထဲမှာ ထည့်သွင်းခံထားခဲ့ရတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required