ဗင်နီဇွဲလား လွှတ်တော်အတွင်း စစ်ဖက်ရဲနှင့် အမတ်များကြား ခိုက်ရန်ဖြစ်ပြီးနောက် လက်နက်ကိုင်အရပ်သားများ လာရောက်တိုက်ခိုက်

ဗင်နီဇွဲလား လွှတ်တော်အတွင်း စစ်ဖက်ရဲနှင့် အမတ်များကြား ခိုက်ရန်ဖြစ်ပြီးနောက် လက်နက်ကိုင်အရပ်သားများ လာရောက်တိုက်ခိုက်

ကရာကတ်စ်၊ ဇွန် ၂၈ ။              ။ ဗင်နီဇွဲလား လွှတ်တော်အဆောက်အအုံအတွင်း လွှတ်တော်အမတ်များနှင့် စစ်ဖက်ရဲတပ်ဖွဲ့ဖြစ်သည့် ဘိုလီဗာရီးယန်းအမျိုးသားအစောင့်တပ် GNB တို့ကြား ထိပ်တိုက်ခိုက်ရန်ဖြစ်ပွားပြီးနောက် လက်နက်ကိုင်အရပ်သားအုပ်စုများက လွှတ်တော်သို့ လာရောက်တိုက်ခိုက်ကြောင်း ဗင်နီဇွဲလားလွှတ်တော်ဥ က္ကဌ အတိုက်အခံအမတ်ဖြစ်သူ ဂျူလီယိုဘော်ဂတ်စ်က ဇွန် ၂၇ ရက်တွင် ပြောသည်။

ထိပ်တိုက်တွေ့မှုအတွင်း အမျိုးသမီးလွှတ်တော်အမတ်နှစ်ဦး ဒဏ်ရာရကြောင်း ဘော်ဂတ်စ်က သတင်းထောက်များအား ပြောသည်။

GNB တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အတိုက်အခံလွှတ်တော်အမတ် ဒဲလ်ဆာဆိုလော်ဇန်နိုနှင့် သတင်းထောက်အချို့ ဒဏ်ရာရကြောင်း အမျိုးသားလွှတ်တော် တွစ်တာအကောင့်တွင်   ရေးသားထားသည်။

“ပါတီအသီးသီးက လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ဝန်ထမ်းတွေဟာ GNB တပ်ဖွဲ့ဝင်တွေ လွှတ်တော်အဆောက်အအုံအတွင်း ဝင်ရောက်လာတာကို တွေ့ရတယ်။ GNB တွေက အမျိုးသားရွေးကောက်ပွဲကောင်စီဆီက ပုံးသေတ္တာတွေလည်း ယူဆောင်ထားတာကို တွေ့တယ်။ နောက်တော့ တပ်ဖွဲ့ဝင်တွေနဲ့ လွှတ်တော်အမတ်တွေကြား ထိပ်တိုက်ခိုက်ရန် ဖြစ်ကြတာပဲ။”ဟု   ဘော်ဂတ်စ်က ဆိုပြီး ရဲတပ်ဖွဲ့က လွှတ်တော်အမတ်နှစ်ဦးကို တိုက်ခိုက်ကြောင်း ဖြည့်စွက်ပြောသည်။

ထို့အတွက်ကြောင့် လွှတ်တော်ကို  ရပ်နားလိုက်ရပြီး အဆိုပါ ထိပ်တိုက်တွေ့မှုကို ဖြေရှင်းရေးအတွက် လွှတ်တော်လုံခြုံရေး တာဝန်ခံ ဗိုလ်မှူးကြီးနှင့် ဘော်ဂတ်စ်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ချက်ချင်းပင် လွှတ်တော်တံခါးဝသို့ လက်နက်ကိုင်အရပ်သားများ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်နက်ကိုင်အရပ်သားအုပ်စုက မီးရှုးမီးပန်ဗျောက်အိုးများ၊ အခြားရရာပစ္စည်းများဖြင့် လွှတ်တော်ကို တိုက်ခိုက်ကြသည်ကို လူမှုမီဒီယာများတွင် ဗီဒီယိုများ တက်လာခဲ့သည်။

GNB တပ်ဖွဲ့ဝင်များ ယူဆောင်လာသော ရွေးကောက်ပွဲကောင်စီမှ ပုံးသေတ္တာများကို လွှတ်တော်အမတ်များက ကြည့်ရှုစစ်ဆေးလိုသော်လည်း တပ်ဖွဲ့ဝင်များက ခွင့်မပြုဘဲ နိုင်ငံရေးပါတီများ၏ အထောက်အထားအချက်အလက်များသာဖြစ်သည်ဟု ပေးမကြည့်ခဲ့ကြောင်း ဘော်ဂတ်စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required