ဗင်နီဇွဲလား တရားရုံးချုပ်ကို ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရဟု မာဒူရိုပြော

ဗင်နီဇွဲလား တရားရုံးချုပ်ကို ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရဟု မာဒူရိုပြော

ကရာကတ်စ်၊ ဇွန် ၂၈ ။           ။ အစိုးရကို ဆန့်ကျင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ဗင်နီဇွဲလား တရားရုံးအား ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း သမ္မတ မာဒူရိုက ဇွန် ၂၇ ရက်က မိန့်ခွန်းတွင် ပြောသည်။

“ငြိမ်းချမ်းရေးကို ကာကွယ်ပေးဖို့အတွက် လက်နက်ကိုင်စစ်တပ်တစ်ရပ်လုံးအပေါ် အားထားထားပါတယ်။”ဟု မီရာဖလိုး သမ္မတအိမ်တော်ရာတွင် မိန့်ခွန်းပြောဆိုရာ မာဒူရိုက ထည့်သွင်းပြောကြားသည်။

တိုက်ခိုက်မှုများကို တန်ပြန်ရန်အတွက် စစ်တပ်အား တပ်လှန့်ထားကြောင်းလည်း ၎င်းကဆိုသည်။

“အနှေးနဲ့ အမြန်ပဲ ဒီအကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ရဟတ်ယာဉ်ကို ကျွန်တော်တို့ ဖမ်းဆီးရမိမှာဖြစ်ပါတယ်။”ဟု မာဒူရိုက ပြောသည်။

တရားရုံးချုပ်အား ရဟတ်ယာဉ်ဖြင့် မည်သည့်အချိန်က လာရောက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းကို မာဒူရိုက မပြောဘဲ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူမရှိကြောင်းနှင့် ဗုံးတစ်လုံးမှာ မပေါက်ကွဲဘဲ ရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဗင်နီဇွဲလား တရားရုံးချုပ်ကို တိုက်ခိုက်ခဲ့သည့် ရဟတ်ယာဉ်က တရားရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများပေါ်ကလည်း ဖြတ်ပျံသန်းသွားခဲ့ကြောင်း အသက် ၅၄ နှစ်ရှိ မာဒူရိုက မိန့်ခွန်းတွင်   ဖြည့်စွက်ပြောဆိုသည်။

အာဏာသိမ်းရန် ကြံစည်ခံနေရသည်ဟု ပြောဆိုစွပ်စွဲထားသည့် ရန်သူဝိုင်းနေသော သမ္မတ မာဒူရိုက လက်ရှိတွင် ၎င်းနှင့် ဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေသော တရားရေးနှင့် ပြည်ထဲရေး ဝန်ကြီးဟောင်း  ရိုဒရီဒက်စ်တောရီအတွက် အလုပ်လုပ်ကိုင်ပေးနေသူ လေယာဉ်မှူးက အဆိုပါ ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဇွန် ၂၇ ရက် အစောပိုင်းကလည်း အမေရိကန်နောက်ခံပြုနေသည့် အာဏာသိမ်းရန် ကြံစည်မှုကို မာဒူရိုက ထပ်လောင်းအတည်ပြုပြီး ယင်းအကြံအစည်အပြုအမူမျိုးအတွက် ဗင်နီဇွဲလားက   ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ဒေါသတကြီးဖြင့် သတိပေးလိုက်သည်။

အထက်ပါ ပြောဆိုသတိပေးချက်သည် အမေရိကန်သွေးထိုးမှုဖြင့် အာဏာသိမ်းရန် ကြံစည်သော အတိုက်အခံ ငါးဦးကို ဖမ်းမိထားကြောင်း ၎င်းက ကြေညာပြီး နောက်တစ်ရက်တွင် ထပ်မံပြောဆိုခြင်း လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required