လူမှုကွန်ယက်အသုံးပြုခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် ပါတီများအနေဖြင့် မူဝါဒတစ်ခု ချမှတ်ပေးသင့်ဟုဆို

လူမှုကွန်ယက်အသုံးပြုခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် ပါတီများအနေဖြင့် မူဝါဒတစ်ခု ချမှတ်ပေးသင့်ဟုဆို

ရန်ကုန်၊ ဇွန် ၂၇ ။           ။ ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် ပါတီများအနေဖြင့် အဖွဲ့ဝင်၊ ဝန်ထမ်းနှင့် ပါတီဝင်များအတွက် လူမှုကွန်ယက်အသုံးပြုခြင်း နှင့်ပတ်သက်၍ လူးသာလွန့်သာရှိသည့် မူဝါဒတစ်ခု ချမှတ်ပေးသင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားခဲ့သည်။

လူမှုကွန်ယက်တွင် မိမိတင်လိုက်သည့် ကိုယ်ရေးကိုယ်တာ Post များနှင့်ပတ်သက်ပြီး ကုမ္ပဏီ၊ ပါတီ၊ အဖွဲ့အစည်းများ၏ မူဝါဒနှင့် Teamwork ကို မထိခိုက်စေရန်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို မထိခိုက်စေရန် မည်သို့ ချိန်ညှိသင့်သနည်းဟူသည့် မဇ္ဈိမ၏ မေးခွန်းကို ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

"တစ်ချို့တားမြစ် ထားတာတွေ ရှိတယ်ပေါ့ဗျာ၊ ရုံးထဲမှာမသုံးရဘူးတို့ဘာတို့ အဲဒီလိုတင်းကြပ်တဲ့ တားမြစ်မှုတွေမဟုတ်ဘဲနဲ့ အဓိက ပေါ်လစီပဲ၊ ဆိုရှယ်နက်ဝက်သုံးမယ်၊ ဆိုရှယ်မီဒီယာသုံးမယ်ဆိုရင် ဒီအဖွဲ့အစည်းဝင်တွေ၊ ဒီပါတီဝင်တွေ ဒါမှမဟုတ် ဒီမီဒီယာက အဖွဲ့အစည်းတွေက ဒီလိုပေါ်လစီလေးကို လိုက်နာပြီး သုံးပါလို့ ၊ ဒီလို ပေါ်လစီတစ်ခုကို အားလုံးဝိုင်းတိုင်ပင်ဆွေးနွေးပြီးတော့ လူးသာလွန့်သာပေါ်လစီတစ်ခုချဖို့ လိုလိမ့်မယ်။ ပြီးတော့ အဲဒီပေါ်လစီအတိုင်း အားလုံးလိုက်နာမှ အဆင်ပြေလိမ့်မယ်။ လွတ်လပ်မှုကို အရမ်းထိခိုက်တာလည်း မကောင်းဘူး။ လွတ်လပ်ပြီး ကိုယ့်ပါတီ၊ကိုယ့်အဖွဲ့အစည်းကို ထိခိုက်တာလည်း မကောင်းဘူး။" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ Yangon Book Plaza တွင် ပြုလုပ်ခဲ့သည့် ခေတ်သစ် လူမှုကွန်ယက်ဆွေးနွေးပွဲအပြီးတွင် မဇ္ဈိမကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲကို လာရောက်ဆွေးနွေးခဲ့သည့် မိတ်ကပ်ပညာရှင် မဝင်းမင်းသန်းကလည်း ကိုယ့်ကုမ္ပဏီနဲ့ပတ်သက်ပြီး မကျေနပ်တာပဲဖြစ်ဖြစ် အကြံပေးချင်တာပဲဖြစ်ဖြစ် HR Depertment ကတဆင့်ပဲဖြေရှင်းသင့်သည်ဟု ဆိုသည်။

"ဆိုရှယ်မီဒီယာဆိုတာက ကိုယ်ထင်တာတွေကို ကိုယ်လျှောက်ပြောရတဲ့နေရာမျိုးမဟုတ်ဘူး။ ကုမ္ပဏီနဲ့ ပတ်သက်ပြီး မကျေနပ်တာ၊ အကြံပြုချင်တာရှိတဲ့အခါ အခက်အခဲတွေ ရှိမယ်ဆိုရင် ကုမ္ပဏီက HR Depertment ဆိုတာရှိတယ်။သူတို့နဲ့တိုင်ပင်ပြီး သေသေချာချာ နည်းမှန်လမ်းမှန်နဲ့ လုပ်သင့်တယ်။ ဆိုရှယ်မီဒီယာကနေတက်ပြောတာ နည်းမှန်လမ်းမှန်မဟုတ်ဘူး" ဟု မဝင်းမင်းသန်းက ပြောသည်။

Facebook အသုံးပြုသူများအနေဖြင့် မိမိအကောင့်ကနေ မိမိအလုပ်နှင့်ပတ်သက်သည်များ တင်မည်ဆိုလျှင် မိမိ့်အဖွဲ့အစည်း၏ မူဝါဒနဲ့ပုံရိပ်ကို ထိခိုက်နိုင်မှုရှိမရှိ စဉ်းစားသင့်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။ ထို့ပြင် ကုမ္ပဏီဝန်ထမ်းမဟုတ်ဘဲ နိုင်ငံရေးပါတီဝင်တစ်ယောက်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် စဉ်းစားသင့်သည့်အပိုင်းများရှိသည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။

"ကျွန်တော် နေဘုန်းလတ်၊ NLD ပါတီဝင်ဖြစ်တယ်။ နောက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တယ်။ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော့်ပါဆင်နယ်အကောင့်မှာ အဲဒီပါတီတွေ အဖွဲ့ အစည်းတွေမပါဘဲနေချင်တယ်။ ဒါပေမယ့် တစ်ကယ်တမ်းကျတော့ နေလို့မရဘူး။ ပြည်သူလူထုကတော့ တွဲတွဲပြီး အမြဲတမ်းစဉ်းစားမှာပဲ။ နေဘုန်းလတ်တင်ပြီဆိုကတည်းက   နေဘုန်းလတ်ပါဆင်နယ်အမြင်တင်တယ်လို့ သူတို့က စဉ်းစားမှာ မဟုတ်ဘူး။ ဒါဟာ NLD ပါတီရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ၊ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ပဲ၊ အဲဒီတော့ ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ကိုယ်နဲ့က ကိုယ်က ဘယ်လောက်ပဲ ခွဲနေချင်ပေမယ့် ခွဲနေလို့မရဘူး။ အဲဒီတော့ ပါဆင်နယ်တစ်ယောက်အနေနဲ့ စဉ်းစားသင့်တယ်။ ကိုယ့်ပါဆင်နယ် အကောင့်ဆိုတာဟာ ကိုယ်တစ်ခုခုတင်လိုက်တာနဲ့ ကိုယ့်အဖွဲ့အစည်းကို ထိခိုက်နိုင်လား၊ကိုယ့်ပါတီကို ထိခိုက်နိုင်လား၊ ကိုယ်ယူထားတဲ့ ကိုယ့်ရဲ့ Position ကို ထိခိုက်နိုင်လားဆိုတာ မဖြစ်မနေစဉ်းစားသင့်တယ်။ ဒါကတော့ သုံးတဲ့လူဘက်ကပေါ့" ဟု  လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

ယခု ဇွန်လအတွင်း သတင်းသမားတချို့ပုဒ်မ ၆၆ဃ ဖြင့် တရားစွဲခံခဲ့ရပြီးနောက် လွတ်လပ်စွာ ပြောရေးဆိုခွင့်နှင့် ပတ်သက်ပြီးလှုပ်ရှားမှုတချို့ရှိခဲ့သည်။ တစ်ဘက်တွင်လည်း လွတ်လပ်စွာပြောဆိုမှု၏ နောက်ဆက်တွဲ အကျိုးဆက်များအပေါ် ဝေဖန်သများထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတွင် ကျင်းပခဲ့သည့် NLပါတီ၏ ဗဟို ကော်မတီအစည်းအဝေးတွင် ပါတီတွင်းကိစ္စရပ်တွေကို လူမှုကွန်ယက်မှာမတင်ရန်နှင့် မီဒီယာများကို မပြောရန် ပါတီဝင်များကို စည်းကမ်းထုတ်လိုက်သည်။ ပြောသည့်အထဲတွင် မှားတာတွေပါသွားရင် အရေးယူခံရမည်ဟုလည်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ပါတီအဖွဲ့ဝင်တွေက အစိုးရကိုသော်လည်းကောင်း၊ ပါတီကိုသော်လည်းကောင်း ပြောမယ်ဆိုရင် ကြိုက်သလိုပြော၊ ကြိုက်သလို ဝေဖန်၊စာနဲ့ ပြောပြော၊ပါးစပ်နဲ့ပဲ ပြောပြော၊ရတယ်။ သို့သော် အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ့်အတွင်းရေးကို အပြင်ကို မီဒီယာတွေ ပြောတာတွေ၊ ကိုယ့်အတွင်းရေးကို ဖေ့စ်ဘွတ်ခ်တင်တာတွေက ခုနက ကျွန်တော်တို့ထားတဲ့ပါတီရဲ့ ကျင့်သုံးနေတဲ့ အမူအကျင့်နဲ့ မကိုက်ညီတဲ့အတွက်ကြောင့်မို့လို့ ၊အဲဒါတွေ မလုပ်ရဘူး။တားမြစ်ထားတယ်။တားမြစ်ရုံတင်မဟုတ်ဘူး။ ကျွန်တော် သတိပေးလိုက်ပြီ" ဟု ဦးဝင်းထိန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required