သခင်ဗဟိန်း နှစ် ၁၀၀ပြည့်အထိမ်းအမှတ်ပွဲကို လူငယ်များအတုယုနိုင်စေရန် ကျင်းပ

သခင်ဗဟိန်း နှစ် ၁၀၀ပြည့်အထိမ်းအမှတ်ပွဲကို လူငယ်များအတုယုနိုင်စေရန် ကျင်းပ

ရန်ကုန်၊ ဇွန်၂၇ ။          ။ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားခဲ့သူ သခင်ဗဟိန်း၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ယုဒသန်ခမ်းမ၌ ယနေ့ဇွန်(၂၇)ရက်တွင် ပြုလုပ်ခဲ့သည်။

သခင်ဗဟိန်းသည် နယ်ချဲ့ဆန့်ကျင်ရာတွင် စံထားလောက်သူတစ်ဦးဖြစ်သည့်အတွက် ဂုဏ်ပြုရခြင်းဖြစ်ပြီး အမျိုးသားညီညွှတ်ရေးလိုအပ်နေသည့် ယခုလိုအချိန်ကာလမျိုးတွင် သခင်ဗဟိန်း၏ စိတ်ဓာတ်ဖြင့် ဖော်ဆောင်သွားသင့်ကြောင်းဆိုသည့် ရည်မှန်းချက်(၂)ခုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးငွေလင်းက ပြောသည်။

"ထောင်ထဲမှာတောင်မှ ဓနရှင်လောကလို စာအုပ်မျိုးကျမ်းမျိုးရေးသားပြုစုခဲ့တာဖြစ်ပါတယ်။ အဲ့တော့ဒီနယ်ချဲ့အစိုးရက သခင်ဗဟိန်းကို ရန်သူတော်နံပါတ်နှစ်အဖြစ်သတ်မှတ်ပြီး ဖိဖိနှိပ်နှိပ်လုပ်ထားတယ်။ အဲ့လိုလုပ်ထားတဲ့ကြားထဲက ခေါင်းငုံ့မခံဘဲ လူထုကိုခေါင်းဆောင်နိုင်တဲ့ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါဟာ ဒီနေ့လူငယ်တွေကြားမှာဆိုရင်တော့ အင်မတန်အရေးကြီးတဲ့ ဂုဏ်ယူစရာ အတုယူစရာလုပ်ငန်း တစ်ခုဖြစ်တယ်လို့ ပြောပြချင်ပါတယ်"ဟု ပွဲကျင်းပရေးကော်မတီမှ ဦးငွေလင်းကဆိုသည်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ပွဲတက်ရောက်လာသူ တစ်ဦးဖြစ်သူ အထက်တန်းရှေ့နေ မမြတ်သက်စုက သခင်ဗဟိန်းဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး   ပြောက်ကြားစစ်တပ်တွေကို ဦးဆောင်ခဲ့သူ တစ်ယောက်အဖြစ် ရန်ကုန်ရောက်လာပြီးနောက်ပိုင်း၌ သိရှိခဲ့ရကြောင်း ဆိုသည်။

"သခင်ဗဟိန်းရဲ့စိတ်ဓာတ်ဟာဆိုရင် သူကိုယ်တိုင်ရောဂါရနေတယ် ဒါပေမယ့်သူ့ကိုသူမကုခဲ့ဘဲနဲ့ သူ့ရဲဘော်တွေကောင်းဖို့အတွက် ကုဖို့ကိုပြောတယ်။ တခြားသူ့ဆီမှာကောင်းတဲ့ စိတ်ဓာတ်တွေအများကြီး ရှိတယ်။ လူငယ်တစ်ယောက်ဖြစ်ပေမယ့်အရမ်းကိုထက်မြတ်တယ်လို့ထင်တယ် ပြီးတော့ဖက်စစ်တော်လှန်ရေးမှာလည်းပါဝင်ခဲ့တယ် ဗိုလ်ချုပ်အောင်ဆန်းနဲ့လည်း ပါဝင်ခဲ့တယ် အဲ့အတွက်ကြောင့် သူ့ဆီကနေ ကောင်းမွန်တဲ့ စိတ်ဓာတ်တွေ ထက်မြတ်တာတွေရရှိပါတယ်"ဟု အထက်တန်းရှေ့နေ မမြတ်သက်စုက ပြောပြသည်။

ရန်ကုန်မြို့ ယုဒဿန်ခန်းမတွင် ကျင်းပသည့် သခင်ဗဟိန်း ရာပြည့်အခမ်းအနားကို ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဖိတ်စာ ၃၀၀ သာဝေထားသော်လည်း ခန်းမပြည့် ဧည့်သည်များ လာရောက်ခဲ့သည်ကိုတွေ့ရသည်။

သခင်ဗဟိန်းသည် အင်းဝမြို့ဇာတိဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်ရောက်နေစဉ် ၁၉၃၈ခုနှစ်၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။   ရေနံမြေအလုပ်သမားသပိတ်တွင် မကွေးမြို့သို့သွားရောက်ကာ ဟောပြောခဲ့သည်။
 
ထို့ကြောင့်ဖမ်းဆီးခံခဲ့ရကာ အကျဉ်းထောင်အတွင်း၌ ဓနရှင်လောကစာအုပ်အား ပြုစုခဲ့သည်။ ၁၉၃၉ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်တည်ထောင်ခဲ့ပြီး ၁၉၄၁ခုနှစ်တွင် တို့ဗမာအစည်းအရုံး၌ အမှုဆောင်လူကြီးတာဝန်ယူခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း ပြောက်ကြားတပ်ကိုဦးဆောင်ခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီးတွင် ဖဆပလကိုပြန်လည်ထူထောင်ရာမှာ ပါဝင်ခဲ့သည်။မန္တလေးရှိ မိဘများနေအိမ်တွင် ဆေးကုသမှုခံယူခဲ့ပြီး သူ့၏အသက် ၂၉နှစ်တွင် ၁၉၄၆ခုနှစ် နိုင်ဝင်ဘာ၂၀ရက်၌ ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly