ပြန်လည်ပြင်ဆင်မွမ်းမံထားတဲ့ Note 7 ဖုန်းတွေကို Samsung ထုတ်ရောင်းတော့မယ်လို့ သတင်းတွေထွက်ပေါ်

ပြန်လည်ပြင်ဆင်မွမ်းမံထားတဲ့ Note 7 ဖုန်းတွေကို Samsung ထုတ်ရောင်းတော့မယ်လို့ သတင်းတွေထွက်ပေါ်

ဇွန် ၂၇ ။                   ။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီ Samsung ဟာ ချို့ယွင်းချက်ရှိခဲ့လို့ ဈေးကွက်ထဲကနေ ပြန်သိမ်းထားခဲ့ရတဲ့ ယင်းရဲ့ Galaxy Note 7 ဖုန်းတွေကို အသစ်ပြန်လည်ပြင်ဆင်ထားခဲ့ပြီး လာမယ့်သီတင်းပတ်အတွင်းမှာ ပြန်လည်ရောင်းချပေးသွားဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယမန်နှစ်တုန်းကတော့ အဆိုပါ Samsung Galaxy Note 7 ဖုန်းတွေမှာ ဘထ္ထရီမီးလောင်ပေါက်ကွဲမှုပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ကမ္ဘာတစ်ဝှမ်း ဈေးကွက်တွေထဲကနေ ယင်းဖုန်းတွေကို အားချင်းပြန်သိမ်းထားခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် တောင်ကိုရီးယားကုမ္ပဏီကြီးအတွက် အကျိုးအမြတ် ဒေါ်လာဘီလီယံနဲ့ချီ ထိခိုက်နစ်နာစေခဲ့သလို ယင်းရဲ့ ပုံရိပ်အပေါ်မှာလည်း ဆိုးဆိုးရွားရွား ကျဆင်းစေခဲ့ပါတယ်။

ဈေးကွက်တွေထဲကနေ ယင်း Note 7 ဖုန်းအလုံးရေ သုံးသန်းဝန်းကျင်လောက်ကို ကုမ္ပဏီက ပြန်သိမ်းထားခဲ့ပေမယ့် ယင်းဖုန်းတွေကို စွန့်ပစ်ခြင်းက ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်လို့ Greenpeace အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ဝိုင်းဝန်းပြောဆိုထားခဲ့ပါတယ်။

ယခုအခါမှာတော့ တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီအပါအဝင် သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ Samsung အနေနဲ့ ယင်း Note 7 ဖုန်းတွေကို ဘထ္ထရီအသစ်တွေပြန်လဲထည့်ပြီး ဆော့ဝဲအဆင့်မြှင့်တင်ကာ ပြန်လည်ရောင်းချသွားတော့မှာဖြစ်တယ်လို့ ဖော်ပြပါရှိထားတာဖြစ်ပါတယ်။

တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီဘက်ကတော့ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အတည်ပြုခဲ့ခြင်းတော့ မရှိသေးပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags