ဓာတုလက်နက် ထပ်သုံးလာမယ်ဆိုပါက ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ ဆီးရီးယားကို အမေရိကန် သတိပေး

ဓာတုလက်နက် ထပ်သုံးလာမယ်ဆိုပါက ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ ဆီးရီးယားကို အမေရိကန် သတိပေး

ဇွန် ၂၇ ။             ။ ဆီးရီးယားသမ္မတ ဘာရှာအာဆတ်အနေနဲ့ နောက်ထပ်ဓာတုလက်နက်တိုက်ခိုက်မှုကျူးလွန်ဖို့ ပြင်ဆင်နေကောင်းနေနိုင်ပြီး တကယ်လို့များ အဲဒီလို ထပ်လုပ်လာခဲ့မယ် ဆိုပါက ပြန်လည်ပေးဆပ်ရမယ့် တန်ဖိုး ကြီးမားနိုင်မယ်ဆိုပြီး အမေရိကန်က ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

" ဆီးရီးယားရဲ့အာဆတ်အစိုးရဘက်က နောက်ထပ် ဓာတုလက်နက်သုံး တိုက်ခိုက်မှု ထပ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဖြစ်နိုင်ဖွယ် အထောက်အထားတွေ ကျွန်တော်တို့ ရထားပါတယ်၊ ဒီအတိုင်း ဆက်လုပ်မယ်ဆိုရင်တော့ အပြစ်မဲ့ကလေးတွေအပါအဝင် အရပ်သားများစွာ သေကျေရနိုင်ပါတယ်" လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆင်းန် စပိုက်ဆာက ပြောသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အသူပုန်တွေထိန်းချုပ်ရာမြို့တစ်ခုမှာ ဓာတုလက်နက်သုံး တိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်ခဲ့ပြီး အရပ်သားအများအပြားသေဆုံးခဲ့ရတဲ့ ယင်းတိုက်ခိုက်မှုကို အာဆတ်အစိုးရက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ထားခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်ကလည်း မဆိုင်းမတွပဲ ဆီးရီးယားစစ်အခြေစိုက်စခန်းတစ်ခုကို ခရုစ်ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။

Tomahawk ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်မှုနဲ့အတူ အမေရိကန်တို့ဘက်က ဆီးရီးယားအစိုးရအပေါ် ပထမဆုံးအကြိမ် တိုက်ရိုက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းလက်တုန့်ပြန်တိုက်ခိုက်မှုကြောင့်လည်း ဝါရှင်တန်နဲ့ မော်စကိုတို့အကြား ဆက်ဆံရေးအပေါ် ထိခိုက်ခဲ့ရပါတယ်။ ရုရှအစိုးရကတော့ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required