UNFC ခေါင်းဆောင်သစ်များရွေးချယ်၊ ဥက္ကဌအဖြစ် နိုင်ဟံသာကို ရွေးချယ်တင်မြောက်

UNFC ခေါင်းဆောင်သစ်များရွေးချယ်၊ ဥက္ကဌအဖြစ် နိုင်ဟံသာကို ရွေးချယ်တင်မြောက်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

ချင်းမိုင်၊ ဇွန် ၂၇ ။         ။ ညီညွတ်သော တိုင်းရင်းသားလူမျုးိများဖက်ဒရယ်ကောင်စီ (UNFC)၏ ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌသစ်အဖြစ် မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာကို   ရွေးချယ်တင်ပြခဲ့ကြောင်း သိရသည်။

UNFC ၏ ဒုဥက္ကဌအဖြစ် ရခိုင်အမျိုးသားကောင်စီ (ANC)မှ ဒေါက်တာ ခင်မောင်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ကရင်နီအမျုးိသား တိုးတက်ရေးပါတီ (KNPP)မှ ခူဦးရယ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁)အဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဗိုလ်မှူးကြီး စပ်စေအွန်နှင့် တွဲဘက်အထွေထွေအတွင်းရေးမှူး (၂)အဖြစ် လားဟူဒီမိုကရက်တစ် အဖွဲ့အစည်း (LDU)မှ ဗိုလ်မှူးကြီး စောလမွန်တို့ကို ရွေးချယ်တင်မြောက်ခဲ့သည်ဟု သိရသည်။

UNFC ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှုများရှိခဲ့ပြီး ယခင်က ဥက္ကဌ၊ ဒုဥက္ကဌ (၁)နှင့် ဒုဥက္ကဌ (၂)၊ အထွေထွေ အတွင်းရေးမှူး ၁ နှင့် တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ ဟူ၍ ဖွဲ့စည်းထားရာမှ ယခုတွင် ဒုဥက္ကဌ (၁) တစ်ဦးသာထားရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် ဗိုလ်ချုပ် ဘီထူး၊ နိုင်အောင်မငေး၊ ဦးထွန်းဇော်နှင့် ဗိုလ်မှူးကြီး မင်းထွန်းတို့ကို ရွေးချယ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ယခင်က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၃ ဦး၊ ကောင်စီဝင် ၁၂ ဖြင့် ဖွဲ့စည်းထားရာမှ ယခု ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် အဖွဲ့အစည်း တစ်ဖွဲ့လျှင် ၃ ဦး သို့မဟုတ် ၅ ဦး ကိုယ်စားလှယ် ပါဝင်ရန်နှင့် ကောင်စီဝင် ၁၅ ဦး ထားရှိရန် ပြန်လည်ပြင်ဆင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

KIO နုတ်ထွက်ခဲ့ခြင်းကြောင့် UNFC တွင် အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားသော ကချင်အမျိုးသားအစည်းအရုံး (KNO)လည်း နုတ်ထွက်လိုက်ရသည်ဟု KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ်လရော်က ပြောသည်။

“မပါတော့ဘူး။ ကျနော်တို့က အဖွဲ့ဝင်သစ်အဖြစ် ပါဝင်ချင်ပေမဲ့ ကေအိုင်အိုနဲ့ ကေအန်အို ပေါင်းထားတယ်ဆိုတော့ ကေအိုင်အို ထွက်ရင် ကျနော်တို့ ကေအိုင်အိုလည်း ထွက်လိုက်ရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုကိစ္စသည့် ပတ်သက်၍ တရားဝင် ကြေငြာချက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ထို့ပြင် နုတ်ထွက်စာတင်ထားသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားတပ်(PSLF//TNLA )နှင့်   မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်-ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ကိုလည်း UNFC အဖွဲ့ဝင်အဖြစ် နုတ်ထွက်ခွင့် ပြုလိုက်သည်။

သို့သော် UNFC တွင် ဆက်စပ်ဆောင်ရွက်သွားရန် KIO မှ ဒေါက်တာလဂျာနှင့် ဗိုလ်မှူးကြီး ဂေါ်လူလအောင်တို့ နှစ်ဦးကို လေ့လာသူများအဖြစ် ဆက်လက်ထားရှိမည် ဖြစ်သည်။

ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အထိ ၇ရက်တာ ညီလာခံတွင် UNFC အဖွဲ့ဝင်များဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ UNFC အဖွဲ့နှင့် UNFC အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ဆက်လက် ဆွေးနွေးနေသည်။

အဆိုပါ အစည်းအဝေးတွင် ယခင် UNFC ဥက္ကဋ္ဌ၊ KIA မှ ဗိုလ်မှူးချုပ် အင်ဘန်လက အဖွင့်မိန့်ခွန်းပြောခဲ့ပြီး“ကျနော်တို့ မိုင်ဂျယန် ညီလာခံ အီးအေအေို စုံညီအစည်းအဝေး ဆုံးဖြတ်ချက်မှား အကောင်အထည်ဖော်မှု၊ မိုင်ဂျာယန် အီးအေအိုတွေအစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်မှုမှာ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုတွေ ရှိနေပါတယ်။ ဒါကိုလည်း ဒီအစည်းအဝေးမှ ဆက်လက်ပြီးတော့ လုပ်ဆောင်နိုင်အောင် အစီအမံချမှတ်ထားဖို့ တိုက်တွန်းလိုပါတယ်”ဟု ထည့်သွင်းပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် UNFC ကို ဖွဲ့စည်းခဲ့ရာ ယခု ၄ ဖွဲ့ ထပ်မံ နုတ်ထွက်ခဲ့သဖြင့် လက်ရှိ အဖွဲ့ဝင် ၅ ဖွဲ့သာ ကျန်နေသည်။ NCA လက်မှတ်ရေးထိုးခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU)က ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ကျင်းပတော့ ပထမအကြိမ် ညီလာခံမှ နုတ်ထွက်ခဲ့သည်။

UNFC ဒုတိယအကြိမ် ညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ကျင်းပရန် ပြင်ဆင်ခဲ့သော်လည်း နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု နိုင်ဟံသာက မိတ်ဆက် မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ်က UNFC ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် သြဂုတ်လက ပထမအကြိမ် ညီလာခံ ကျင်းပခဲ့သည်။

UNFC တွင် အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားသော ကချင်အမျိုးသားအစည်းအရုံး (KNO)၊ ဇိုမီး ပြည်လည်ပေါင်းစည်းရေး အစည်းအရုံး(ZRO)၊ ကူကီးအမျိုးသားအစည်းအရုံး(KNO)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)တို့ ပါတီဝင်သစ်အဖြစ် လျှောက်ထားမှုကို မူအားဖြင့် ဆွေးနွေးခဲ့ကြပြီး ကော်မတီသစ် တစ်ရပ်ဖွဲ့စည်း၍ ပြန်လည် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း   နိုင်ဟံသာက အစည်းအဝေး စတင်သည့် နေ့တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags