အာဂျင်တီးနားတွင် ဘတ်စ်ကားတိမ်းမှောက်၍ ၁၅ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

အာဂျင်တီးနားတွင် ဘတ်စ်ကားတိမ်းမှောက်၍ ၁၅ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

ဇွန် ၂၇ ။               ။ အာဂျင်တီးနားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က အကသင်တန်းကျောင်းတစ်ခုမှ ကျောင်းသား၊ကျောင်းသူအများစု လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် ၁၅ ဦး သေဆုံးကာ လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်း ဖြစ်စဉ်မှာ လူပေါင်း ၁၇ ဦးလောက်လည်း ဆေးရုံကို တင်ပို့ကုသထားရပြီး ၎င်းတို့ထဲက အချို့ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။

ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူ အများစုထဲမှာတော့ အသက် ၅ နှစ်နဲ့ ၁၅ နှစ်ကြား မိန်းကလေးငယ်တွေ အများစု ပါဝင်နေတယ်လို့ သိရပါတယ်။ ၎င်းတု့ိဟာ ဗျူနိုအေးရိစ်မြို့ရဲ့ အနောက်ဘက်ဆင်ခြေဖုံး ရပ်ကွက်တစ်ခုက အကသင်တန်းကျောင်းက ကျောင်းသူတွေဖြစ်တယ်လို့ သိရပြီး  နိုင်ငံအနောက်ပိုင်း မန်ဒိုဇာဒေသက ပွဲတစ်ခုမှာ သွားရောက်ဖျော်ဖြေခဲ့ပြီးအပြန်မှာ ယခုလိုအဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေနဲ့ ကလေးငယ်တွေ အများစု ပါဝင်သေဆုံးခဲ့ရတဲ့ ယင်းဖြစ်ရပ်ဆိုးကြောင့် အာဂျင်တီးနားအစိုးရကလည်း နှစ်ရက်တာ ဝမ်းနည်းခြင်းအထိမ်းအမတ် သတ်မှတ်ထားခဲ့ပါတယ်။

" ပြောရရင်တော့ ကားသမားရဲ့ မဆင်မခြင် မောင်းခဲ့တာကြောင့်ခုလို ဖြစ်ရတာပါဗျာ" လို့ ပို့ဆောင်ရေးဝန်ကြီး ဂွီလာမို ဒိုင်ယက်ထရစ်ချ်က ပြောသွားပါတယ်။

ယင်း ဖြစ်စဉ်ဟာ အာဂျင်တီးနားမြို့တော်ရဲ့ အနောက်ဘက် ကီလိုမီတာ ၁,၂၀၀ အကွာ၊ Andes တောင်တန်းကြီးရဲ့ တောင်ခြေ လမ်းပိုင်းတစ်နေရာမှာ ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required