သတင်းထောက် ၃ဦးအဖမ်းခံရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ နှင့် တပ်မတော်ထံ အိတ်ဖွင့်ပေးစာပို့မည်

သတင်းထောက် ၃ဦးအဖမ်းခံရသည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ နှင့် တပ်မတော်ထံ အိတ်ဖွင့်ပေးစာပို့မည်

လွိုင်ကော်၊ ဇွန် ၂၇ ။            ။ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နှင့် ဧရာဝတီ သတင်းဌာနမှ သတင်းထောက်အပါအဝင် သတင်းထောက် ၃ ဦးအဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် တပ်မတော်တို့ထံ အိတ်ဖွင့်စာပေးပို့တောင်းဆိုမည်ဟု ပဉ္စမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှ ဆုံးဖြတ်လိုက်သည်။

အိတ်ဖွင့်စာပေးပို့တောင်းဆိုမည့်ကိစ္စကို မြန်မာဂျာနယ်လစ်ကွန်ယက် (MJN)မှ ဦးဇေယျာလှိုင်က တင်ပြခဲ့ခြင်းဖြစ်ပြီး လွိုင်ကော်မြို့တော်ခန်းမတွင် ပြုလုပ်သည့် ညီလာခံ ဒုတိယနေ့ ဇွန် ၂၇ရက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“သမ္မတနောက်ပြီးတော့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် စာပို့ပြီးတောင်းဆိုမယ်" ဟု ဦးဇေယျာလှိုင်ကပြောဆိုသည်။

“ကျွန်တော်ကတော့ မြန်မြန်လွတ်လေကောင်းလေပါပဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိသလိုပဲ မီဒီယာကိုလည်း စော်ကားတာလို့ ကျွန်တော်မြင်တယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ အိတ်ဖွင့်ပေးစာပေးပို့ရာတွင် မည်သည့်အချက်အလက်များထည့်သွင်းမည်ကို တိုင်းရင်းမီဒီယာညီလာခံ ဒုတိယနေ့တွင် ဆက်လက်ဆွေးနွေးနေကြသည်။

တပ်မတော်မှဖမ်းဆီးထားသော သတင်းထောက် ၃ဦးအပါအဝင် ၇ဦးမှာ TNLA လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ တရားဥပဒေနှင့်အရေးယူဆောင်ရွက်နိုင်ရန် ဖမ်းဆီးကာ လားရှိုးမြို့နယ်ရဲစခန်းသို့ အပ်နှံထားကြောင်း တပ်မေတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန်လ ၂၆ရက် ညနေက ထုတ်ပြန်ထားသည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး DVB သတင်းဌာနမှ ဦးတိုးဇော်လတ်က “အခုထက်ထိ လာရှိုးရဲစခန်းကို မရောက်သေးပါဘူး။ ဖမ်းတာက နမ့်ဆန်။ နမ့်ဆန်ရဲစခန်းမှာလည်းမရှိပါဘူး။ သတင်းထောက်က သတင်းအရင်းမြစ်ဆီသွားရင်းနဲ့အဖမ်းခံရတာ" ဟုပြောဆိုသည်။

အစိုးရနှင့် အပစ်ရပ်လက်မှတ်မထိုးထားသည့် တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေတွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် သတင်းသွားယူသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော် (ကိုလဝီ)၊ DVB သတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုအေးနိုင် နှင့် ကိုပြည့်ဘုန်းအောင်တို့ကို ဇွန် ၂၆ရက်က ဖမ်းခံလိုက်ရခဲ့သည်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်းတွင် ဇွန် ၂၆ရက် မွန်းလွဲ ၃နာရီက နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် လင်ခရူဇာအမျိုးအစားယာဉ်နှင့် WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးမှ အဆိုပါ သတင်းထောက် ၃ဦးအပါအဝင် အမျိုးသား ၇ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required