မြန်မာ့တပ်မတော်အား မြတ်နိုးချစ်ခင်သူများ၏ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

မြန်မာ့တပ်မတော်အား မြတ်နိုးချစ်ခင်သူများ၏ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

ရန်ကုန်၊ ဇွန် ၂၆ ။          ။ မြန်မာ့တပ်မတော်အား မြတ်နိုးချစ်ခင်သူများ၏ ဆန္ဒထုတ်ဖော်ပွဲကို တပ်မတော်အားချစ်ခင်မြတ်နိုးသူဟု ဆိုသူများက ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးတွင် ဇွန်လ ၂၆ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒဖော်ထုတ်ပွဲတွင် စာရေးဆရာအမတ်ဒိန်၊ ဒေါ်လီလီနိုင်ကျော်နှင့် ဦးကျော်သူငြိမ်းတို့က မီဒီယာများနှင့် တပ်မတော်အပေါ် ဝေဖန်မှုအကြောင်းအရာများကို ဟောပြောခဲ့ကြသည်။

လတ်တလော မီဒီယာများဆန္ဒထုတ်ဖော်မှုများသည် တပ်မတော်အပေါ်စော်ကားသည်ဟု ထင်မြင်သည့် အတွက် တန်ပြန်ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု စာရေးဆရာအမတ်ဒိန်က ဆိုသည်။

"သားတို့ ဘယ်လိုထင်ထင် ရတယ်။ ဒါပေမယ့် တစ်ခုပေါ့၊ တပ်မတော်ကိုထိရင်မခံတဲ့ တပ်မတော်ချစ် တဲ့သူ အများကြီးရှိတယ်။ အဲဒီလူတွေက ခံမှာမဟုတ်ဘူး။” ဟု စာရေးဆရာ အမတ်ဒိန်က ပြောသည်။

၎င်းကဆက်လက်၍ “ဟုတ်တယ်။ တပ်မတော်ကို စော်ကားတယ်ထင်လို့ ပြန်ပြတာ။ သိလား။ အေး ဒါပဲ"ဟု ပြောခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ပြုလုပ်သူ ဦးရဲစိုးအောင် "ဒီတပ်မတော်အပေါ်မှ မဟုတ်ဘူး။ ဘယ်သတင်းကိုပဲမဆို၊ မရေရာ မသေချာပဲ သတင်းရင်းမြစ်၊ ဇစ်မြစ်ကို မသိဘဲမရေးကြဖို့၊ ကိုယ်ရေးလိုက်တဲ့သတင်းကြောင့် သူတစ်ပါးစိတ်ခံစားချက် ပြင်းပြင်းထန်ထန်ရရှိ သွားမှာ မလိုလားတဲ့အတွက် ဒီပွဲကိုလုပ်တာပါ "ဟု က ပြောသည်။

ယင်းပွဲကို တက်ရောက်လာသူများသည် ကလောင်လက်နတ်ဖြင့် မြန်မာ့တပ်မတော်အား အကျည်း မတန်ပါစေနှင့်၊ ကျင့်ဝတ်သိက္ခာများအား လေးစားလိုက်နာပါ၊ မြန်မာ့တပ်မတော်အပေါ် မဟုတ်မမှန် ပြောဆိုရေးသားခြင်းများ ချက်ချင်းရပ်၊ ပြည်သူနှင့်တပ်မတော်အား သွေးခွဲခြင်းများ ချက်ချင်းရပ် စသည့်ဗီနိုင်းများကိုင်ဆောင်ကာ လူဦးရေ ၅၀၀ ဝန်းကျင်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required